BEC-TERO TV

ရှေးဟောင်းစစ်သူကြီးရုပ်တုမှ လက်မတစ်ချောင်း ခိုးယူခံရမှုကြောင့် တရုပ်လူမျိုးများဒေါသထွက်

20 Feb 2018     1,437 Views


အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယားရှိ ဖရန်ကလင်းအင်စတီကျု့ကို တရုပ်နိုင်ငံက ငှားရမ်းထားသော ရှေးဟောင်းအမွေအနှစ် (၁၀)မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သည့် သက်တမ်းနှစ်ပေါင်း ၂,၀၀၀ ကျော်ကြာမြင့်ပြီဖြစ်သော တရုပ်ရှေးဟောင်းစစ်သူကြီးရုပ်တု (ဒေါ်လာ ၄.၅ သန်းတန်)၏ လက်မတစ်ချောင်း ချိုးဖဲ့ခိုးယူခံခဲ့ရသဖြင့် တရုပ်လူမျိုးများ အကြီးအကျယ် ဒေါသထွက်လျက်ရှိသည်။

ရုပ်တုကိုချိုးဖဲ့ခိုးယူမှုအတွက် မိုက်ကယ်ရိုဟန်နာ ဆိုသူအား ပြီးခဲ့တဲ့အပတ်က ဖမ်းဆီးတရားစွဲဆိုခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ရိုဟာနာက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖရန်ကလင်းအင်စတီကျု့မှာ ပြုလုပ်တဲ့ ပါတီပွဲတစ်ခုကို တက်ခဲ့ပြီး အဆိုပါရုပ်တုထားရာအခန်းတွင်းသို့ ပိတ်ထားသည့်ကြားက သူ့နည်းသူ့ဟန်ဖြင့် ဝင်ရောက်ခဲ့သည်။

ထို့နောက် မှောင်မဲနေသောအခန်းထဲတွင် မိုဘိုင်းဖုန်းကို လက်နှိပ်ဓါတ်မီးဖွင့်ကာ စစ်သူကြီးရုပ်တုနဲ့ ဆယ်လဖီရိုက်ရန် လိုက်ရှာခဲ့ပြီးနောက် ဆယ်လဖီရိုက်ယူခဲ့သည်။ ဆယ်လဖီရိုက်စဉ် သူ၏လက်ကို စစ်သူကြီး၏ လက်ပေါ်တင်လိုက်ရာ လက်မကျိုးကျသွားသဖြင့် ကောက်ယူကာ အခန်းထဲမှ ထွက်ပြေးခဲ့သည်။

ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ ပြတိုက်အစောင့်များက အရုပ်တွင် လက်မမရှိတော့ကြောင်း တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့သည်။ FBI က လိုက်လံစုံစမ်းရာ ရိုဟန်နာကို ကျိုးပဲ့နေသော ရုပ်တု၏ လက်မကို သူ၏အံဆွဲထဲမှတွေ့ရှိ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တရားရုံးမှတ်တမ်းများတွင် ဖော်ပြခဲ့သည်။

အဆိပါရုပ်တုကို အစိုးရအစီစဉ်နဲ့ ငှားရမ်းပေးခဲ့သော ရှားနစ်ယဉ်ကျေးမှုဖလှယ်ရေးနှင့်မြှင့်တင်ရေး စင်တာမှ ဒါရိုက်တာဖြစ်သူ မစ္စတာဝူက ဖရန်ကလင်းအင်စတီကျု့ကို လက်လွတ်စပယ်နိုင်လွန်တယ်လို့ အပြင်အထန်ဝေဖန်ခဲ့ပါတယ်။

ရုပ်တုပျက်ဆီးအောင်လုပ်သူအား အပြစ်ပေးရန် အမေရိကန်ကို တိုက်တွန်းခဲ့ပြီး ပျက်ဆီးသွားသော ရုပ်တုကို ပြင်ဆင်ရန် ပညာရှင်နှစ်ဦးအား စေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပျက်ဆီးမှုအတွက် အလျော်တောင်းမည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။


20 Feb 2018     1,437 Views




RELATED

Most Popular of International News

Most Popular of NEWS