BEC-TERO TV

ယခုနှစ် ရန်ကုန်သင်္ကြန်ကို အထူးစည်ကားစေရန် ကုမ္ပဏီရေကစားမဏ္ဍပ်ကြီးများကို ပြန်လည်ခွင့်ပြုမည်

26 Feb 2018     1,563 Views


၂၀၁၈ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့တွင် ကုမ္ပဏီရေကစား မဏ္ဍပ်ကြီးများကို ခွင့်ပြုကာ ရန်ကုန်တတိုင်းလုံးအနှံ့ အထူးစည်ကားအောင် ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ ၃ တွင် ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပ ခဲ့ပြီး ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (လမ်း/တံတား)ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

''ဒီနှစ်မှာ ကုမ္ပဏီကြီးတွေကလုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေကို လျှောက်ခိုင်းမယ်ပေါ့။ ခွင့်ပြုပေးမယ်ပေါ့။ Alpine တို့လို ကုမ္ပဏီကြီးတွေပေါ့။ နောက်ပြီးတော့ အရင်တုန်းကလိုပဲ သင်္ကြန်မဏ္ဍပ်တွေရှိမယ်။ ဘယ်လိုပုံစံတွေလည်းဆိုတာကတော့ အသေးစိတ်မသိရသေးဘူး။ အခုမှ စဆွေးနွေးတာဆိုတော့။ သေချာတာကတော့ ဒီနှစ်တော့ ရန်ကုန်တတိုင်းလုံးအနှံ့စည်ကားအောင်လုပ်မယ်။ အရင်နှစ်တွေ ထက် ပိုပြီးတော့ စည်ကားအောင်လုပ်မယ်လို့ ပြောတယ်''ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၇ သင်္ကြန်တွင် စကိုင်းနက်တခုလောက်သာရှိပြီး ကုမ္ပဏီများအား မိမိပိုင်နေရာများတွင် သီးခြားဝင်းများဖြင့် သင်္ကြန်မဏ္ဍပ်ပြုလုပ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ပြန်လည် ခွင့်ပြုမည့် ကုမ္ပဏီသင်္ကြန်မဏ္ဍပ်များနှင့်ပတ်သက်၍ လာမည့်မတ်လ ပထမအပတ် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်တိုင်းအစိုးရရဲ့ ရည်မှန်းထားတဲ့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ နှစ်တွေမှာ တကယ်လက်တွေ့ ဖြစ်ခဲ့တာတွေက လုံးဝကွဲလွဲနေတယ်။ အစိုးရအဖွဲ့ကတော့ စည်ကားအောင်တော့ မျှော်မှန်းထားတာ ပေါ့။ဒါပေမဲ့ လုပ်နည်းလုပ်ဟန်တွေက လွဲနေတယ်။ သီးခြားဝင်းတွေနဲ့ လုပ်ခွင့်ပေးလိုက်တော့ လူတစု အတွက်ပဲ ဖြစ်သွားတယ်။ အများစုအတွက် မဟုတ်တော့ဘူး။ လူတန်းစားအများစုအတွက် ပျော်ရွှင်မှု က မဲ့သွားတာပေါ့။ သင်္ကြန်ကို ကန့်သတ်ချက်တခုခု ပြုလုပ်လိုက်မယ်ဆိုရင် စည်ကားမှု လျော့သွား တာပေါ့။ စီးပွားဖြစ်မဏ္ဍပ်တွေဆိုတာကလည်း ပိုက်ဆံရှိတဲ့သူက အပေါ်မှာပျော်ကြမယ်။ ပိုက်ဆံမရှိတဲ့သူကလည်း အောက်မှာလာပျော်နေတာပဲ''ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက သုံးသပ်သည်။ ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန် ပွဲတော်ကျင်းပ၍ ရန်ကုန်သင်္ကြန်စည်ကားသိုက်မြိုက်စေရေးအတွက် စီစဉ်နေကြောင်း (လမ်း/တံတား)ဌာနမှ တာဝန်ရှိက ပြောသည်။

''ဒီနှစ်ကတော့ လမ်းလျှောက်သင်္ကြန်တွေ လုပ်မယ် ပြောတယ်။ ဒီနှစ်လုပ်မဲ့လမ်းလျှောက်သင်္ကြန်က စတုဒိသာတွေလည်း ကျွေးမယ်။ ကရင်တိုင်းရင်း သားရေးရာဝန်ကြီးပြောပြတာကတော့ အုန်းလက်မဏ္ဍပ်တွေနဲ့ ကားတွေနဲ့ရေတွေ လိုက်ဖြည့်ပြီး ကစားကြမယ်ပေါ့။ လုပ်မယ့်လမ်းနေရာသတ်မှတ်ဖို့အတွက် နေရာရွေးနေပါတယ်''ဟု ၎င်းက ပြောသည်။ ယခင်နှစ်သင်္ကြန်ကာလက မန္တလေးမြို့တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ရန်ကုန်တွင်လည်း အရပ်ဘက်အဖွဲ့အစည်းများက လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ယခင်နှစ်များက ပြုလုပ်ခဲ့ကြသည်။ အစိုးရသစ်လက်ထက် ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန် ပွဲတော်ကို ၂ နှစ်ဖြတ်သန်းဖူးခဲ့ပြီဖြစ်သော်လည်း ရန်ကုန်နှင့် မန္တလေး သင်္ကြန်ကျင်းပပုံခြင်းနှိုင်းယှဉ် ကြည့်ပါက စည်ကားမှုသည် မန္တလေးမှ အသာစီးရနေကြောင်း ဦးကျော်ဇေယျက သုံးသပ်သည်။

''အခုလမ်းလျှောက်သင်္ကြန်ပွဲတော် လုပ်မယ်ဆိုတာ မှန်တယ်ဆိုရင်တော့ မန္တလေးသင်္ကြန်က ရှေ့ပြေးပြီ။ အဲဒီအတိုင်း ရန်ကုန်ကလိုက်လုပ်နေတဲ့သဘော ရှိတာပေါ့။ အရင်နှစ်တွေက ရန်ကုန် သင်္ကြန်က မစည်ကားတော့ လူငယ်တွေတခြားနယ်တွေကို သွားနေကြတာတွေ့ရတယ်။ ဒီနှစ်ကတော့ စောင့်ကြည့်ရမှာပေါ့။ မန္တလေးနဲ့ ရန်ကုန်မြို့ကြီးနှစ်မြို့ယှဉ်ကြည့်ရင် ကျွန်တော်တို့ ရန်ကုန်သားတွေ နောက်ကျနေတာပေါ့''ဟု ၎င်းကပြောသည်။ ယခင်နှစ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သင်္ကြန်မဏ္ဍပ်ဆောက်လုပ် ခွင့်လျှောက်ထားသူများလိုက်နာရန် စည်းကမ်းချက် ၄၄ ချက်ထုတ်ပြန်ထားပြီး မဏ္ဍပ်ကြီး ၁၁ ခုနှင့် မဏ္ဍပ်အလတ် ၇ ခု အပါအ၀င် သင်္ကြန်မဏ္ဍပ်ပေါင်း ၁၀၂ ခု ခွင့်ပြုခဲ့သည်။ ယခုနှစ်သင်္ကြန်ကာလတွင် ယင်းစည်းကမ်းချက်များကို အနည်းငယ်ပြန်လည်ပြင်ဆင်ပြီး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit ..... News Watch


26 Feb 2018     1,563 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS