BEC-TERO TV

ရွှေစာရံဘုရားပွဲတော်သို့ ပွဲတော်ရက်မတိုင်မီပင်လာရောက်လည်ပတ်သော ဘုရားဖူးသူများ စည်ကားလျက်ရှိ

26 Feb 2018     1,391 Views


ရွှေစာရံဘုရားပွဲတော်သည် အညာဒေသ၏ ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူဖြစ်သည်။ မြန်မာနိုင်ငံရှိ ထင်ရှား ကျော်ကြားသော ဘုရားစေတီများတွင် “အရှေ့မှာရွှေစာရံ၊ ပုဂံအနောက်၊ တောင်မြောက် ယင်မြော၊ သီဟတော’’ မော်ကွန်းတင်ထားသည့် ကျော်လေးဆူ (ရွှေစာရံ၊ ရွှေစည်းခုံ၊ ရွှေယင်မျှော်၊ အညာသီဟတော) စာရင်းဝင် ဘုရားတစ်ဆူဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအနီးရှိ ရွှေစာရံဘုရား ပွဲတော်ကြီးကို နှစ်စဉ် တပေါင်းလပြည့်မှ လပြည့်ကျော် ၉ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပွဲတော်ရက် မတိုင်မီကပင် လာရောက်လည်ပတ်သော ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။
 
 
“ဒီအညာဒေသရွှေစာရံဘုရားပွဲတော်ကြီးကို နှစ်စဉ် တပေါင်းလပြည့်နေ့မှ လပြည့်ကျော် ၉ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါတယ်၊ ခုပွဲတော်ရက်တောင်မရောက်သေးဘူး လာရောက်လည်ပတ်သော ဘုရားဖူးပြည်သူတွေ စည်ကားလျက်ရှိပါတယ်၊ တပေါင်းလဆန်းကတည်းက ရှမ်းတိုင်းရင်းသားလူမျိုးများ ဈေးဆိုင်တွေရော၊ ဗမာတိုင်းရင်းသား ဈေးသည်တွေ စတင်လာရောက်ပြီး ဈေးဆိုင်ခန်းများ စတင်ရောင်းချနေပါပြီ၊ ရှမ်းတိုင်းရင်းသားရိုးရာ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ရှမ်းဒေသထွက်ကုန်တွေ၊ အစား အစာတွေ ၊ ရှမ်းတိုင်းရင်းဆေးဝါး အသုံးအဆောင် ပစ္စည်းတွေ ရောင်းချလျက်ရှိပါတယ်၊ ရွှေစာရံပွဲတော်ရဲ့ အဓိက အထိမ်းအမှတ်ပစ္စည်းကတော့ ထန်းရွတ်ပုတီးနဲ့ ထန်းရွတ်ငါး တို့ပဲဖြစ်ပါတယ်၊ ဒီနှစ်ဘုရားပွဲတော်မှာ ဈေးဆိုင်ခန်းပေါင်း (၁ဝဝဝ) ကျော် ရှိကြောင်း၊ ဆိုင်ခန်း တစ်ခန်းလျှင် မြန်မာဆိုင်ခန်းတစ်ခန်းကို ငွေကျပ်တစ်သောင်းခွဲ၊ ရှမ်းတိုင်းရင်းသားတွေ အတွက် ငွေကျပ်တစ်သောင်းနှုန်းသတ်မှတ်ထားပါတယ်၊ ဘုရားပွဲတော်အကြို အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တပေါင်းလဆန်း(၁)ရက်မှ (၅)ရက်နေ့ထိ ကျင်းပခဲ့ ကြောင်း၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများအတွက် ရွှေစာရံဘုရားအနီးရှိ အေးမေတ္တာဓမ္မာရုံ ၊သောင်းဓမ္မာရုံများတွင် အခမဲ့တည်းခိုနိုင်ကြောင်း၊ ပွဲတော်ကာလတွင် မြန်မာ့ရိုးရာခြင်းအလှခတ် ဖျော်ဖြေပွဲများ၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေပွဲများ၊ တပေါင်းလပြည့်ကျော် ၅၊၆၊၇၊၈ ရက် ညများတွင် ဇာတ်ပွဲများဖြင့် အခမဲ့ဖျော်ဖြေသွားမည်ဖြစ်ကြောင်း” ရွှေစာရံစေတီတော် ဂေါပကဥက္ကဋ္ဌ ဦးပြေငြိမ်းက ပြောကြားသည်။
 
 
ရွှေစာရံစေတီတော်အား ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သော ရှမ်းမင်းသမီး စောမွန်လှ တည်ထားသော ဘုရားတစ်ဆူဖြစ်ပြီး ရှမ်းလူမျိုးများ အများအပြား လာရောက်သောပွဲတော်တစ်ခု ဖြစ်ရာ ရှမ်းရိုးရာ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ ရှမ်းအိုးစည်ဝိုင်းဖြင့် ကပြ ဂါဝရပြုကြကြောင်း သိရသည်။ ရွှေစာရံဘုရားပွဲတော်သည် နှစ်စဉ်မြန်မာပြည်အနှံဘုရားဖူးပြည်သူများ လာရောက်လျက်ရှိရာ ကြိတ်ကြိတ်တိုး စည်ကားသော ပွဲတော်တစ်ခုဖြစ်သောကြောင့် ပွဲတော်ကာလအမီကပင် လာရောက်လည်ပတ်သူများ စည်ကားလျက် ရှိကြောင်း သိရသည်။
 
Credit ...  ပြည်မြန်မာ

26 Feb 2018     1,391 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS