BEC-TERO TV

Live Show ညမှာ အလဲထိုးခံလိုက်ရတဲ့ မျိုးကျော့မြိုင်

22 Jun 2018     1,306 Views


Myanmar Idol ရဲ့ ပုံမှန်ထုတ်လွှင့်နေကြ မနေ့ညက Live Show ညမှာ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ မျိုးကျော့မြိုင် ကို မြန်မာပြည်ဦးသိန်းတန်က တစ်လျှောက်လုံး စနောက် ကျီစယ်ခဲ့တာကြောင့် ရှက်ကိုးရှက်ကန်းနဲ့ နေရထိုင်ရတွေ ခက်တဲ့ထိ ဖြစ်ခဲ့ပါတယ်။

Judges Audition က စလို့ ပြိုင်ပွဲဝင်တွေကို ရွေးချယ်တဲ့အခါ ကိုမျိုးကျော့ ပြောလေ့ရှိတဲ့ စကားက “ညီမကို အစ်ကိုခေါ်သွားမယ်” ဆိုတဲ့ စကားပဲဖြစ်ပါတယ်၊ ဆိုလိုတာကတော့ နောက်တစ်ဆင့်အတွက် ရွေးချယ်ခေါ်သွားမယ်လို့ အဓိပ္ပါယ်ရတာဖြစ်ပေမယ့် တစ်ခေတ်တစ်ခါတုန်းက ပျိုတိုင်းကြိုက် ဆော်ကြည်ဘဲကြီး ဖြစ်ခဲ့တဲ့ ကိုမျိုးကျော့က ပြောတယ်ဆိုတော့ ကြားရသူတွေက ကျီစယ်တဲ့သဘောနဲ့ အဓိပ္ပါယ်နောက်တစ်မျိုးကို တမင်ကောက်ယူကြတာဖြစ်ပါတယ်။

ဇွန်လ ၂၁ ရက်နေ့က Live Show ည ကတော့ ကိုမျိုးကျော့ အတွက် နေရထိုင်ရခက်ခဲ့တဲ့ ညတစ်ညလို့ ဆိုရမှာပါ။ သူပြောသမျှ ကွန်မန့်တိုင်းကို ဦးသိန်းတန်ကလည်း ပြန်ကောက်ပြီး စနောက်ခဲ့တာမို့ ကြိုးဝိုင်းထဲမှာ ချောင်ပိတ်ပြီး အရှိုက်ကို ထိုးခံနေရသလို ပြေးပေါက်မရှိဖြစ်ခဲ့ပါတယ်။

ကွန်မန့်ပေးတဲ့ စကားတွေကိုတောင် အမှားပါမှာစိုးလို့ ထိန်းပြောနေရတဲ့အချိန် ဦးသိန်းတန်က “ဘာအခုမှကြောက်ပါပြီလဲ” ဆိုပြီး တစ်လုံးပစ်သွင်းလိုက်ပါသေးတယ်။

ပြိုင်ပွဲဝင် မယ်မဒီ သီဆိုပြီး ကွန်မန့်ပေးချိန်မှာတော့ ကိုမျိုးကျော့ စိတ်ပေါက်ပေါက်နဲ့ ရင်ထဲကခံစားချက်တွေ ပြောချလိုက်တဲ့ ကွန်မန့်တွေကြောင့် အားလုံးပွဲကျသွားခဲ့ပြီး ဦးသိန်းတန်က “မအောင့်နိုင်တော့ဘူး” ဆိုတဲ့ ကွန်မန့်နဲ့ ပွဲသိမ်းဒူးနဲ့ တိုက်ချခဲ့ပါတယ်။

မနေ့ညက Myanmar Idol ရဲ့ Live Show ကို ကြည်ပြီး မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ တသောသောနဲ့ ပွဲကျခဲ့ကြမှာသေချာပါတယ်။ Myanmar Idol မှာတော့ မြန်မာပြည်ဦးသိန်းတန်က Key Person လို ဖြစ်နေပြီး သူ့ရဲ့ဟန်ပန် အပြောအဆိုကွန်မန့်တွေကြောင့် ရှိုးကြီးတစ်လုံးက ကြွတက်ပြီး ပရိသတ်အသည်းစွဲဖြစ်ခဲ့ရတဲ့ သီချင်းဆိုပြိုင်ပွဲကြီးအဖြစ် မြန်မာနိုင်ငံမှာ အောင်လံလွှင့်နိုင်ခဲ့တာ အခုဆိုရင် Season 3 တောင် ရောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့ညမှာတော့ ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်က နှုတ်ဆက်အိမ်ပြန်ရဦးမှာမို့ ဘယ်သူများဖြစ်မလဲဆိုတာ mntv ရုပ်သံလိုင်းကနေ Live Result Show ကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
 


22 Jun 2018     1,306 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS