BEC-TERO TV

ဘုန်းကြီးနှစ်ပါးအား ကြမ်းပြင်မှာဝပ်ခိုင်းပြီး ဓါးဖြင့်ခြိမ်းခြောက်သူ ရဲအဖွဲ့ပစ်ခတ်ဖမ်းဆီး

19 Sep 2018     1,253 Views


စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသော သက်ကြီးဝါကြီး ဘုန်းကြီးနှစ်ပါးအား ကြမ်းပြင်ပေါ်ဝမ်းလျားမှောက်ခိုင်းကာ ဓားဖြင့်ခြိမ်းခြောက်သူအား ရဲအဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မုဒုံမြို့ ကန်ကြီးဘုရားကျောင်း ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေကြသော ဦးစန္ဒပါလ ဝါတော် ၆ ဝါ (သက်တော် ၆၃) နှစ် နှင့် ဦးသောပိတ ဝါတော်(၁၁) ဝါ သက်တော် (၅၁ နှစ်) နှစ်ပါးမှ မုဒုံမြို့ ၊ ခေမာလမ်း၊ မြို့မ ၂ တွင် နေထိုင်သူ ထွန်းထွန်းဦး(၃၅)နှစ် အား ကျောင်းအတွက် ဘိလပ်မြေနှင့်ပစ္စည်းအချို့ဝယ်ရန် ပိုက်ဆံပေးလိုက်ရာမှ ထွန်းထွန်းဦး က “ပိုက်ဆံပျောက်သွားပြီ
ပြန်မပေးနိုင်ဘူး” ဟုဆိုကာ  ဘုန်းကြီးကျောင်းအောက်မှ တုတ်ကိုင်ပြီး မိုက်ကြေးခွဲခဲ့သည်။

ထို့နောက် ကျောင်းပေါ်တက်ကာ ဓားမသွားယူပြီးနောက် ဘုန်းကြီးနှစ်ပါးအား ကြမ်းပေါ်တွင် ဝမ်းလျားမှောက် နေရန်၊ မလိုက်နာပါက ဓားဖြင့်ခုတ်မည်ဟု ခြိမ်းခြောက်နေစဉ် အနီးနားရှိ ကိုယ်တော်တစ်ပါးက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

မုဒုံမြို့မရဲစခန်းမှ ရဲအဖွဲ့ရောက်ရှိလာပြီး ထွန်းထွန်းဦး အား လက်ထဲမှဓားကိုချ၍ အညံ့ခံရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း လက်နက်မချပဲ ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုတ်ရန် ပြေးလာသဖြင့် ရဲတပ်ဖွဲ့မှခန္ဓာကိုယ်အောက်ပိုင်းအား ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်၍ လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

လုံးထွေးသတ်ပုတ်ရာမှ ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ထွန်းထွန်းဦး ၏ ဘယ်ဘက်ပေါင်ရင်းတွင် သေနတ်ထိမှန်ဒဏ်ရာ (၆)ချက် ၊ ညာနဖူးတွင် ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် မုဒုံဆေးရုံကြီးသို့ တင်ပို့ဆေးကုသမှု ခံယူစေခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ် - အမွှာညီနောင်


19 Sep 2018     1,253 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS