BEC-TERO TV

ခြစားနေဆဲ ရန်ကုန်ဘူတာကြီး လက်မှတ်အရောင်းကောင်တာများ

12 Oct 2018     1,491 Views


မြန်မာနိင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေးမှာ မော်တော်ယာဉ်ပြီးရင် မီးရထားအသုံးပြုပြီး သွားလာကြတဲ့အရေအတွက်က ဒုတိယလိုက်နေပါတယ်။ ယခင့်ယခင်က မီးရထားလက်မှတ်နဲ့ ပက်သက်ရင် မှောင်ခိုဈေးကွက် အကြီးအကျယ် ထွန်းကားခဲ့ဖူးပြီး နယ်ဝေးခရီး ရထားလက်မှတ်ရရှိဖို့ အဆမတန်ဈေးကြီးပေးရတာမျိုး၊ တစ်ညအိပ်မက ဒုက္ခခံကာ လက်မှတ်ကောင်တာရှေ့ ညလုံးပေါက် စောင့်ဆိုင်း ဝယ်ယူခဲ့ကြရတဲ့ ကာလဆိုးတွေ ရှိခဲ့ဖူးပါတယ်။
 
ဒီမိုကရေစီအစိုးရ ပြောင်းလဲခဲ့ပြီး ပြည်သူလူထုအဆင်ပြေစေရေးအတွက် အစွမ်းကုန် ကျိုးပမ်းဆောင်ရွက်နေသော်လည်း အစိုးရရဲ့ဆန္ဒနဲ့ တစ်သားထဲမဖြစ်သေးသည့် ယခင်လက်ထပ်အကျင့်ဟောင်းများ စွဲမြဲနေသော ဝန်ထမ်းများကလည်း နေရာတိုင်းမှာ ကျန်ရှိနေကြဆဲဖြစ်သည်။
 
ယခုလည်း မီးရထားဝန်ကြီးဌါနလက်အောက် ရန်ကုန်ဘူတာကြီး လက်မှတ်အရောင်းကောင်တာ ဝန်ထမ်းများ၏ ပြည်သူအပေါ် မမှန်မကန် ပြုမူခဲ့ကြသည့် ဖြစ်ရပ်တစ်ခု အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက လူမှုကွန်ယက်အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး မျှဝေသူ ဝေဖန်ပြောဆိုသူများ များပြားခဲ့ပါတယ်။
 
 
“Lady Cho” အကောင့်ပိုင်ရှင်က အောက်ပါအတိုင်း ရေးသားဖော်ပြထားပါတယ်။
 
ရန်ကုန်ဘူတာကြီး လက်မှတ်ရောင်းတဲ့နေရာမှာ ဒီနေ့တော့ အတော်လေးကို ပေါက်ကွဲလာခဲ့ပါတယ် ခံနေရတာ တော်တော်ကြာပြီမို့ ခုတစ်ခါတော့ သောင်းကျန်းပစ်မိခဲ့တယ်။
ခရီးသည်တွေဆီကပိုက်ဆံပိုလိုချင်တော့ ခုံမရှိဘူးလိမ်ပြောပြီး သတ်မှတ်ထားတဲ့ ဈေးထက်ပိုယူတဲ့အပြင် နေရိပ်ဘက်ကိုလိုချင်ရင်လဲ ပိုတောင်းပါတယ်
 
အခုအစိုးရလက်ထက် လက်မှတ်ဈေးတွေ အရမ်းကျသွားတာ ဝမ်းသာလို့မရပါဘူး၊ အဲဒီလိုဘူတာလက်မှတ်အရောင်းဝန်ထမ်းများရဲ့လောဘက နားမလည်တဲ့ နယ်သူနယ်သား ခရီးသွားပြည်သူတွေအပေါ် ပိုက်ဆံအမြဲပိုယူနေပြီး ဘာလို့လဲပြန်မေးရင် ခွေးတွေလို အကုန်ဝိုင်းကိုက်ပါတယ်။
ဒီမြို့လက်မှတ်ကုန်ပြီ ဟိုမြို့ထဲကိုထည့်ရမှာမို့ဆိုပြီး ကိုယ်သွားရမယ့်မြို့ထက်ကျော်တဲ့ မြို့ရဲ့ ခုံပဲရတယ်ဆိုပြီး ပိုက်ဆံပိုတောင်းပါတယ်။ ရထားပေါ်ရောက်တော့ သူတို့ပြောတဲ့ အခြားမြို့ရဲ့အတွဲမဟုတ်ဘဲ မြို့ပေါင်းစုံကိုတင်ထားပြီး မြို့ကျော်ပြီး ဈေးပိုတောင်းထားသူတွေချည်းပဲဖြစ်နေပါတယ်။
 
ကျမတစ်ယောက်ချင်းကိုလိုက်မေးလို့သိခဲ့တာပါ၊ ဒီနေ့တော့ မခံနိုင်လွန်းလို့ လူပေါင်းများစွာရှေ့မှာ
ကျမအော်ဟစ်သောင်းကျန်းခဲ့ပါတယ် ရန်ကုန် နဲ့ ပြည်ကြား မင်းလှမြို့ ၁၁၀၀ ကို ၁၅၀၀ ပေးမှခုံရမယ်ဆိုပြီး အတင်းတောင်းပါတယ်။
ပိုက်ဆံလေးရာပိုပေးရလို့မဟုတ်သလို တစ်ခါမှလဲ ဈေးအမှန်နဲ့ မစီးခဲ့ရဖူးပါဘူး၊ ဒါပေမယ့် ဘုတ်ပေါ်မှာရေးထားတော့ ဘယ်မြို့ခုံဘယ်လောက်ဆိုရေးထားပြီး လက်မှတ်လဲဝယ်ရော ခုံမရှိတော့ဘူး အခြားပိုဝေးတဲ့မြို့ရဲ့ခုံပဲရမယ်၊ ဒီလောက်ပေးမှရမယ် ဆိုပြီး ပိုက်ဆံကို အတင်းပိုတိုးတောင်းတာကို မကျေနပ်တာပါ ဒါဟာအမြဲပါပဲ။
 
 
ဒီလိုပုံမှန်မဟုတ်တဲ့ ပိုက်ဆံကို မြို့တိုင်းက ခရီးသည်တိုင်း ပိုပိုပေးနေရတယ်။ ဥပမာ နတ္တလင်း ၁၅၀၀ ဆို၂၀၀၀ ယူပါတယ်၊ ပေါင်းတည် ၁၆၀၀ ဆိုလဲ ၂၀၀၀ အစွန်းထွက်ဆို မအမ်းတဲ့အပြင် ခရီးသည်ဘက်က အတိအကျပေးရင် ဂျစ်ကန်ကန်ပြန်ကြည့်တတ်ပါတယ်။
တောင်းလို့ရရင်အကုန်တောင်းပါတယ်၊ တစ်ချို့လှော်ကားအထိကို ၁၀၀၀ တောင်းပါတယ်၊ လှော်ကား မပြောနဲ့ တိုက်ကြီးအထိတောင် ဈေးမှန်က ၅၀၀ ပဲရှိတာပါ။ ဒီခရီးလေးကိုတောင် ရိုက်စားတွေ လုပ်နေကြတာပါ ဒါဟာမျက်စိရှေ့တင် တောင်းယူနေတာပါ။ ခရီးသည်တစ်ချို့က ပိုတဲ့ငွေပြန်တောင်းရင်လဲ အနုတ်မရှိဘူး ဒါလေးနဲ့ဘာဖြစ်တာလဲဆိုပြီး သူတို့က ပြောပါသေးတယ်။
 
တစ်ချို့အရမ်းနွမ်းပါးသူတွေအတွက် တစ်ရာပိုပို နှစ်ရာပိုပို တကယ်တန်ဖိုးရှိကြပါတယ် ခရီးသည်တွေခမျာ မျက်စိသူငယ် နားသူငယ်နဲ့ ခုံရမှရပါ့မလားဆိုပြီး အားကိုးတကြီး သူတို့မျက်နှာကြည့်နေရတဲ့အဖြစ်ပါ။
 
ဒီနေ့တော့ ကျမက ဘုတ်မှာခုံရှိတာရေးထားပြီး ဘာလို့ ခုံမရှိတော့တာလဲ အေးဆေးလေးပြန်မေးတာကို သူတို့က အကုန်ဝိုင်းပြီး သူတို့သမီးလောက်ရှိတဲ့ ကျမကို ပြူးပြဲပြီး ဒါဆိုလဲ ခုံမယူနဲ့လေ ခုံမဲ့လုပ်လိုက်မယ်ဆိုပြီး ကျမအမေရဲ့ မှတ်ပုံတင်ကိုပစ်ချပါတယ်။
လုပ်ရပ်ကအတော်ကိုရိုင်းစိုင်းကြပါတယ် အဲဒီကောင်တာက လူတွေအကုန် ယောက်ျားကြီးတွေတန်မဲ့ အော်ကြောလန်တွေပါပဲ။ ခုနက တစ်နေရာတည်း လူရာနဲ့ချီတန်းစီ စောင့်နေရတုန်းက သူတို့ကောင်တာဘက် လာဝယ်သူမရှိတာတောင် ထွက်ခါနီးရထားအတွက် လက်မှတ်ကူရောင်းမပေးဘဲ ပိုက်ဆံကိစ္စပြောကာမှ ရှိသမျှအကုန်ဝင်ပါနေကြတာ အတော်တရားကျဖို့ကောင်းပါပေတယ်။
 
ဒါနဲ့ကျမလဲ ' အေး ခုံမဲ့လက်မှတ်ကို ခုလုပ်ကြည့်လိုက်စမ်းပါ၊ လုပ်လေ ဘယ်သူလုပ်မှာလဲ ငါ့အကြောင်းသိရမယ် ' ဆိုပြီး ကျမလည်း ဒေါသအရမ်းဖြစ်လွန်းပြီး အော်ဟစ်ပြောပစ်လိုက်ပါတယ်။
ခရီးသည် ပေါင်များစွာကလည်း ဝိုင်းကြည့်လို့ ကျမလည်း မရှက်နိုင်တော့ပါဘူး၊ ဒါနဲ့သူတို့လက်မှတ်အရောင်းထဲက မျက်မှန်နဲ့ လူခပ်ကြီးကြီးတစ်ယောက်က မျက်စိမျက်နှာ ပျက်သွားပြီး ကဲ ၁၅၀၀ လဲသူပေးနေတယ် ခုံလုပ်ပေးလိုက်လို့ပြောတော့ အားလုံးငြိမ်ပြီး လက်မှတ်ရောင်းတဲ့လူက စောင့်အောင့်လုပ်ပေးပါတယ်။
 
ဒါဟာ သူတို့ကိုပြန်ခြိမ်းခြောက်တော့မှ လုပ်ပေးတဲ့သဘောပါပဲ ကျမလည်း တစ်ကိုယ်လုံးတုံပြီး ဘာမှကို မမြင်တော့အောင်ဖြစ်ပြီး ထပ်အော်ပြောလာခဲ့ပါတယ်။
ရှင်တို့တွေသတိထားနေ ဒီလိုမတရားလုပ်နေတာ ရထားစီးသူတိုင်းသိတယ် အကုန်အလုပ်ပြုတ်သွားမယ်နော်လို့၊ ပြောပြီး လက်မှတ်ကိုယူပြီးထွက်လာခဲ့တယ် စင်္ကြန်အဝင်က ဝန်ထမ်းတစ်ဦးကတော့ ရုံပိုင်ရုံးခန်းမှာသွားတိုင်ဖို့ပြောပါတယ်။
ဒါပေမယ့် မတိုင်ဘူး ရုံပိုင်လဲ သူ့ဝန်ထမ်းသူငဲ့လိမ့်မယ်လို့ ကျမပြောလိုက်တယ်၊ ဟုတ်တယ်ကျမ ဘယ်သူ့မှမယုံတော့ဘူး ကျမ အဲလိုဖြစ်ချိန် ကျမအမေ ဘူတာကို မရောက်လာသေးလို့တော်ပါသေးတယ်။ အမေက ကားမူးတတ်လို့ရထားနဲ့ပဲ လာနေကျ ပြန်နေကျပါ အမေ့ကို စိတ်မခုစေချင်တာပါ၊ ကျမကတော့ ရထားစီးခဲပါတယ်။ ကားပဲအမြဲစီးတာပါ၊ အရင်အခေါက်တွေက အမေ့ရှေ့မှာမို့ သူတို့တောင်းသမျှ သည်းခံပေးခဲ့တာပါ၊ အမေကလည်း တော်တန်ရုံမပြောနဲ့ဆိုလို့ သည်းခံခဲ့ပေမယ့် ခုနောက်ပိုင်း တောင်းတာတွေ အရမ်းကြမ်းလာပါတယ်
 
ခရီးသည်တိုင်းလည်း ဒီအကြောင်းတွေ ပြောသံကြားနေရပါတယ်။ အရင်အစိုးရခေတ်က အခု ၁၁၀၀ ခရီးကို ၂၅၀၀ နဲ့ ၃၀၀၀ လောက်ထိ ပေးစီးခဲ့ရတာပါ။ ဒါပေမယ့် လာမယှဉ်နဲ့လေ ဒီအစိုးရက ဒီဈေးသတ်မှတ်ထားရင် သူတို့က ဘာ့ကြောင့်များ အတင်းကို ပိုတောင်းနေရတာလဲ ပိုမပေးရင် ' ခုံမဲ့ ' ဆိုတဲ့စကားနဲ့ခြိမ်းခြောက်ပါတယ်။
 
စဉ်းစားကြည့်ကြပါရှင် ရန်ကုန်ကနေ နယ်ကို ပြန်ရင် ခုံမရှိဘဲ ဘယ်လိုအကြာကြီးစီးနိုင်ပါ့မလဲ၊
ပြီးတော့ ကားဂိတ်လို ဒီကားမကြိုက် နောက်ကားပြောင်းစီးလို့လဲမရပါဘူး၊ ဘူတာကြီးအထိလာရတဲ့ ခရီးကလည်း အင်မတန်ခက်ခဲပါတယ်၊ ခုလိုခရီးသည်တွေအပေါ် ဆက်ဆံပုံကတော့ ရန်ကုန်ဘူတာကြီးမှ ရထားခရီးရှည် စီးဖူးသူတိုင်းသိကြမှာပါ။ ဒါကို ရန်ကုန်မြို့တော်ဝန် သို့မဟုတ် သမ္မတကို တကယ်သိစေချင်ပါတယ်၊ မီးရထားဝန်ကြီးက ဒါကိုမသိဘူးလား..? သာမန်လူတန်းစားပြည်သူတွေဘဝက မတွေးရဲစရာပါ ၊ ကားခမတတ်နိုင်လို့ ရထားစီးကာမှ ဓါးပြနဲ့တွေ့ဆိုသလို ဖြစ်နေပါပြီ ..
 
ဟု ရေးသား ပြောဆိုခဲ့ပါတယ်။ ဖြစ်စဉ်ကို တာဝန်ရှိသူများအနေနဲ့ စုံစမ်းစစ်ဆေးပြီး ဝန်ကြီးဌါနနဲ့ အစိုးရရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ပြုမူနေကြတဲ့ ဝန်ထမ်းဆိုးများကို အရေးယူနိုင်စေရန် ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။
 
 
သတင်းရင်းမြစ် - Lady Cho
 

12 Oct 2018     1,491 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS