BEC-TERO TV

မော်ဒယ်သေဆုံးခဲ့တဲ့ မန္တလေးမြို့ပေါ်က လမ်းမကြီး သရဲခြောက်တယ်လို့ နာမည်ကြီးနေ

12 Oct 2018     1,429 Views


မန္တလေးမြို့ လမ်း ၃၀၊ ၅၈ x ၅၉ လမ်းကြားတွင် စက်တင်ဘာလ ၂၃ ရက်နေ့က မော်ဒယ်လ်တစ်ဦး ယာဉ်မတော်တဆမှုဖြင့် ရုတ်တရက်ကွယ်လွန်ခဲ့ပြီး အခုအခါ အဆိုပါနေရာအနီးတစ်ဝိုက်တွင် သရဲခြောက်ကြောင်း ကောလဟာလများ ကျယ်ပြန့်စွာထွက်ပေါ်လာခဲ့ပါတယ်။
 
သေဆုံးခဲ့သူမှာ စစ်ကိုင်းတိုင်း မယ်စကြဝဠာအလှမယ် “ယွန်းဆက်ပိုင်” ဖြစ်ပြီး သူမရဲ့ ဆူဇူကီးဆွစ်ဖ်အမျိုးအစား မော်တော်ယာဉ်က လမ်းဘေးရှိ သဲပုံကို အရှိန်နဲ့ ဝင်တိုက်ပြီးနောက် ကားမြောက်တက်သွားကာ လူကအပြင်ကို လွင့်ထွက်ကျပြီး သေဆုံးခဲ့တယ်လို့ ကနဦးယူဆခဲ့ကြတယ်။ 
 
 
မျက်မြင်သက်သေများ၏အဆိုအရ ယွန်းဆက်ပိုင်ဟာ ကားနဲ့ ဝေးရာမှာ မှောက်လျက်အနေအထားနဲ့ လဲကျနေခဲ့ပြီး ခြေထောက်မှာ ဖိနပ်တစ်ဖက်ပဲ စွပ်လျှက်ရှိကာ ကျန်တစ်ဖက်ကတော့ ကားထဲက ယာဉ်မောင်းဘေးထိုင်ခုံအောက်မှာ ကျန်နေခဲ့တယ်လို့ဆိုပါတယ်။ ယာဉ်မောင်း နေရာမှာ အမျိုးသားဖိနပ်တစ်ရံတွေ့ခဲ့တယ်လို့ မြတ်သဒ္ဒါလူမှုကူညီရေးအသင်းက လူငယ်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ကားအတွင်းရှိ လေအိတ်များပွင့်နေခဲ့ပြီး ကားမှာလည်း စက်နိုးလျှက်အနေအထားနဲ့ တွေ့ခဲ့ကြရတာပါ။ 
ကားနဲ့ အဝေးကို ဒီလောက်ထိ လွင့်ထွက်သွားတာကို စဉ်းစားလို့မရသလို သူမရဲ့ ဒဏ်ရာ ပါးစပ်နဲ့ နှာခေါင်းက လိုတာထက်ပိုပြီး သွေးတွေထွက်နေတယ်လို့  မြတ်သဒ္ဒါလူမှုကူညီရေးအသင်းက လူငယ်တစ်ဦးကပဲ ဆက်ပြောပြခဲ့ပါတယ်။
 
အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ယွန်းဆက်ပိုင် ဟာ အရက်သေစာသောက်စားတတ်သူ မဟုတ်ကြောင်း သူမ၏ပတ်ဝန်းကျင် အသိုင်းအဝိုင်းက သိရှိရပြီး သေဆုံးခဲ့သည့်နေ့ကလည်း အရက်သေစာသောက်ထားခြင်းမရှိကြောင်း ရဲအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
သူမဟာ အဲဒီနေ့ညက မန္တလေးမြို့ရှိ နာမည်ကြီးကလပ်တစ်ခုကို တက်ရောက်ခဲ့ပြီး ကလပ်ထဲမှာ အမျိုးသားတစ်ဦးက ရိုက်နှက်ခဲ့တာကို တွေ့ခဲ့ရတယ်လို့ အဆိုပါကလပ် လုံခြုံရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အဆိုပါနေ့ညက ယင်းကလပ်ကို ကုမ္ပဏီကြီးတစ်ခုက အပြတ်ငှားရမ်းထားပြီး သီးသန့်ပါတီလုပ်ခဲ့ကြောင်းနဲ့ ကလပ်ရှိ ကားပါကင်မှ လုံခြုံရေးကင်မရာလည်း အဲဒီနေ့မှ တိုက်ဆိုင်စွာ ပျက်နေကြောင်း နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောကြပါတယ်။
 
 
ယွန်းဆက်ပိုင်သေဆုံးခဲ့တဲ့ လမ်းပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့လူတချို့ကတော့ ဒီလမ်းပေါ်မှာ သရဲခြောက်တယ်လို့ ပြောနေလို့ ကြောက်မိတယ်လို့ ပြောပါတယ်။ 
ဟိုနေ့က ကုန်စိမ်းသည်အဒေါ်ကြီးက မနက်အစောကြီးလာတော့ ဆိုင်ကယ်တားပြီး ဒေါ်လေး သမီးဖိနပ်တစ်ဖက်ကူရှာပေးပါလို့ ပြောတယ်။ သူက ရှာပေးမလို့ ဆိုင်ကယ်ရပ်တော့ ပျောက်သွားတယ်လို့ ပြောတယ်” ဆိုပြီး အနီးနားမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။ 
 
ဒါ့အပြင် အဆိုပါလမ်းပေါ်မှာ နေထိုင်တဲ့ အိမ်ထောင်သည် အမျိုးသားတစ်ဦးက “သူတို့သားအမိက ညဆို မအိပ်ရဲလို့ ကျတော့်မှာ ဘောလုံးပွဲတောင် သွားမကြည့်ရဘူး” လို့ ပြောခဲ့ပါတယ်။
 
အခင်းဖြစ်ပွားခဲ့ပြီးနောက် ယွန်းဆက်ပိုင် ရဲ့အိမ်က လမ်းပေါ်မှာ ဆွမ်းကပ်သွားကြောင်း ဘာကြောင့်သေဆုံးရတယ်ဆိုတာ သူတို့လည်း မသိကြောင်း ပြောပြခဲ့တယ်လို့ အနီးပါတ်ဝန်းကျင်က လူတွေက ပြောပြကြပါတယ်။
 
 
အခုချိန်ထိတော့ ယွန်းဆက်ပိုင် ရဲ့ ဆံချည်တွေဟာ အဆိုပါလမ်းမပေါ်မှာပဲ ပျံ့ကြဲနေပြီး သရဲခြောက်တယ်လို့လည်း ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးကိုတော့ သက်ဆိုင်ရာရဲအဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ဂျာနယ်စာစောင် တစ်ခုမှ ဆောင်းပါးရှင် “မေစစ်ပိုင်” ရေးသားဖော်ပြခဲ့ပါတယ်။
 
 
 

12 Oct 2018     1,429 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS