BEC-TERO TV

မီးပွိုင့်ကိုမစောင့် ယာဉ်ကြောမှားကြည့်ပြီး လမ်းကူးတဲ့ကျောင်းသူလေး ကားတိုက်ခံရ (ရုပ်သံ)

22 Oct 2018     1,303 Views


လူကူးမျဉ်းကြားက လမ်းဖြတ်ကူးတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ဦးကို အငှားယာဉ် တက္ကစီတစ်စီးက အရှိန်နဲ့ ဝင်တိုက်မိကာ မြောက်တက်သွားပြီး ကတ္တရာလမ်းပေါ် ပြန်ပြုတ်ကျသွားခဲ့ပါတယ်၊ အဲဒီနောက် မိန်းကလေး ရုတ်တရပ်ပြန်ထကာ ထထွက်သွားတဲ့ ရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က ဟောင်ကောင်မှာ ဖြစ်ပျက်ခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးကို ကားရဲ့လုံခြုံရေးကင်မရာကနေ ရိုက်ကူးရယူခဲ့တာပါ။ ရုပ်သံမှာတော့ ကျောင်းဝတ်စုံ၊ ကျောပိုးအိတ် လွယ်ထားတဲ့ မိန်းကလေးက လူကူးမျဉ်းကြားမှာ ကားလမ်းကူးဖို့ အချက်ပြမီးစိမ်းတာက်ု ရပ်စောင့်နေကြတဲ့ လူအုပ်ကြီးကြားထဲက သူတစ်ယောက်ထဲ ဖုန်းလေးကိုင်ရင်း လမ်းဖြတ်ကူးလာနေပါတယ်။

အဲဒီအချိန်မှာ အရှိန်နဲ့ မောင်းလာတဲ့ တက္ကစီနဲ့ တည့်တည့်တိုးပြီး ဖြတ်တိုက်ခံလိုက်ရတဲ့အတွက် လေပေါ်ကို မြောက်တက်သွားပြီး ကားလမ်းပေါ်ကို အကွာအဝေးတစ်ခုအထိ လွင့်စင်ကျသွားပါတယ်။ သူမလက်ထဲက ဖုန်းလည်း လွှင့်စင်ပြီး တစ်စစီဖြစ်သွားတာ တွေ့လိုက်ရပါတယ်။

စက္ကန့်ပိုင်းလောက်အကြာမှာတော့ ကောင်မလေးက ပြန်ထလာပြီး သူမလမ်းကူးလာတဲ့ ဘက်အခြမ်းကို ဘာမှမဖြစ်သလိုမျိုး ထထွက်သွားတာ တွေ့မြင်ခဲ့ရပါတယ်။ ရုပ်သံကို သေချာပြန်ကြည့်တဲ့အခါမှာတော့ သူမဟာ ပထမဦးဆုံး ဖြတ်ကူးရမယ့် ယာဉ်ကြောကို လုံးဝမကြည့်မိပဲ တစ်ဖက်ခြမ်းက ယာဉ်ကြောကိုသာ အာရုံစိုက်ပြီး လမ်းကူးတဲ့အတွက် စိတ်စောကာ ယာဉ်ကြောအကြည့်မှားပြီး ကားတိုက်ခံလိုက်ရတာဖြစ်ပါတယ်။ သူမဟာ ကားတိုက်ခံလိုက်ရတာတောင် မသိလိုက်ပဲ အတိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ညနေ ၄ နာရီ ၂၇ မိနစ်မှာ ဖြစ်ခဲ့တဲ့ အဆိုပါယာဉ်တိုက်မှုနဲ့ ပက်သက်ပြီး ဟောင်ကောင်ရဲတွေက သူမကို Tseung Kwan O ဆေးရုံကို ပို့ပေးခဲ့ကာ ခြေထောက်မှာ ရရှိခဲ့တဲ့ဒဏ်ရာကို ကုသပေးခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

ဖြစ်စဉ်နဲ့ပက်သက်ပြီး ယာဉ်မောင်းအနေနဲ့ လူကူးမျဉ်းကြားရှိတဲ့နေရာတွေမှာ မီးစိမ်းနေတာတောင် အရှိန်လျှော့မောင်းသင့်ကြောင်း၊ တစ်စုံတစ်ယောက်က အခုလို ဖြတ်ကူးခဲ့ရင် အချိန်မီရပ်နိုင်အောင် ဆင်ခြင်မောင်းနှင်သင့်ကြောင်း အကြီးတန်း စုံစမ်းထောက်လှမ်းရေးအရာရှိ ဂျက်ကီချန်း က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

လမ်းဖြတ်ကူးသူတွေအနေနဲ့လည်း မီးပွိုင့်ရဲ့ အခြေအနေကို သတိအပြည့်အဝထားပြီးမှ လမ်းကူးသင့်ကြောင်း၊ လက်ကိုင်ဖုန်းသုံးတာ ဒါမှမဟုတ် လမ်းကို အာရုံမစိုက်နိုင်အောင် ဖြစ်စေတဲ့ကိစ္စတွေကို လမ်းဖြတ်ကူးစဉ်မှာ မလုပ်သင့်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ယခုယာဉ်တိုက်မှုမှာတော့ တက္ကစီမောင်းသူကို အရေးယူခြင်းမရှိကြောင်း သိရှိရသည်။


22 Oct 2018     1,303 Views




RELATED

Most Popular of Special or Others

Most Popular of NEWS