BEC-TERO TV

အမျိုးသားစတိုင် လိုက်ဝတ်တဲ့ ဝန်ထမ်းအမျိုးသမီး အလုပ်ထုပ်ခံရ၊ အလုပ်ရှင်ကို တရားစွဲ

06 Nov 2018     1,263 Views


အသက် ၃၂ နှစ်အရွယ် ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးဟာ ကုမ္ပဏီက အမျိုးသမီးများဝတ်ဆင်ရန် ချမှတ်ထားတဲ့ အဝတ်အစားကို မဝတ်ပဲ အမျိုးသားဝန်ထမ်းများပုံစံအတိုင်း ဝတ်ဆင်ခဲ့တဲ့အတွက် အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအပေါ်မှာ ခွဲခြားဆက်ဆံတယ်ဆိုပြီး ကုမ္ပဏီကို သူမက တရားပြန်စွဲပြီး လျှော်ကြေးတောင်းခံထားပါတယ်။

နယူးယော့ခ်ပို့စ့် သတင်းစာအရ Long Island က အသက် ၃၂ နှစ်အရွယ် Chakia Harvell ဆိုသူအမျိုးသမီးက ခရီးသွားလုပ်ငန်းကုမ္ပဏီဖြစ်တဲ့ Wyndham Vacation Ownership ထံကနေ နစ်နာကြေး ဒေါ်လာ ၁.၅ သန်း အလျော်ရလိုကြောင်း တိုင်ကြားထားပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ကုမ္ပဏီက တစ်စုံတရာသတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Harvell ရဲ့အဆိုအရ ရုံးနောက်ကျခြင်းကြောင့် သူမအလုပ်ထုတ်ခံရတာမဟုတ်ပဲ သူမရဲ့ ဝတ်ပုံစားပုံကြောင့်သာ အလုပ်ထုတ်ခံခဲ့ရတာလို့ဆိုပါတယ်။ Harvell ကိုယ်တိုင်လည်း အလုပ်အင်တာဗျူးဝင်ခဲ့စဉ်က သူမဟာ လိင်တူချစ်သူတစ်ယောက်ဖြစ်ကြောင်း ဝန်ခံထားခဲ့တယ်လို့ ဆိုပါတယ်။

အင်တာဗျူးမှာ မန်နေဂျာက သူမကို နက်ခ်တိုင်၊ ဘလေဇာကုတ်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမတစ်ကယ်အလုပ် စဝင်တဲ့အခါမှာတော့ ဝန်ထမ်းရေးရာဌါနက သူမကို ခေါ်ယူပြီး ရုံးဝတ်စုံနဲ့ပက်သက်လို့ ဆွေးနွေးခြင်းခံခဲ့ရပါတယ်။ ကုမ္ပဏီက အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်မှုကို လိုက်နာပေးပါ လို့ ဆိုပါတယ်။ နောက်တစ်ရက်မှာလည်း သူမက ယောက်ျားလိုသာ ဝတ်ဆင်လာတဲ့အတွက် ဝန်ထမ်းရေးရာက ထပ်မံခေါ်ယူပြီး ကုမ္ပဏီရဲ့ အဝတ်အစားသတ်မှတ်ချက်ကို မနေ့က အီးမေးလ်ပို့ထားတာ မရဘူးလားလို့ မေးပါတယ်။

ကုမ္ပဏီရဲ့ ဝန်ထမ်းရေးရာကတော့ Harvell ဟာ ကုမ္ပဏီကချမှတ်ထားတဲ့ အဝတ်အစား စည်းကမ်းကို မလိုက်နာပါဘူး။ ကုမ္ပဏီမှာ အခြားအမျိုးသမီးဝန်ထမ်းတွေဟာ စကတ်နဲ့ ဒေါက်မြင့်ဖိနပ်တွေ စီးကြရပါတယ်၊ ဒီအတိုင်း လိုက်နာပါလို့ သတိပေးခဲ့ပါတယ် လို့ ပြောပါတယ်။

“ဒီကိစ္စက ကျွန်မအတွက် တော်တော်ကြီး ကသိကအောက် ဖြစ်ရတယ်၊ ဒီလိုပြောင်းလဲဖို့ဆိုတာ ကျွန်မအတွက်တော့ အရမ်းခက်ခဲပါတယ်” “လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဆိုတာ နားလည်ပေးသင့်တာပေါ့” “ကျွန်မက သူတို့နဲ့ မတူညီတဲ့ ပုံစံဝတ်ဆင်လို့ သူတို့လို အလုပ် လုပ်နိုင်မှာ မဟုတ်ဘူးလို့တော့ မဆုံးဖြတ်သင့်ပါဘူး” လို့ Harvell က ပြောကြားခဲ့ပါတယ်။


06 Nov 2018     1,263 Views




RELATED

Most Popular of Special or Others

Most Popular of NEWS