BEC-TERO TV

ပိုက်ဆံ သိန်း ၄၀၀ ကျော် တိုက်ခေါင်မိုးပေါ်က ကြဲချသဖြင့် အလုအယက်ကောက် (ရုပ်သံ)

18 Dec 2018     1,386 Views


ဒီဇင်ဘာ ၁၅ ရက် စနေနေ့က ဟောင်ကောင်မြို့ ရှမ်ရွှေပူရပ်ကွက်ရှိ အထပ်မြင့်နေအိမ် အဆောက်အဦး တစ်ခုရဲ့ ခေါင်မိုးပေါ်ကနေ ပိုက်ဆံမိုးတွေ ရွာချခဲ့ပါတယ်။ ပိုက်ဆံတွေဟာ ဟောင်ကောင်ဒေါ်လာ ၁၀၀ တန် အသစ်တွေဖြစ်ပြီး စုစုပေါင်း မြန်မာကျပ်ငွေ ၄၀၅ သိန်းကျော်ဖို့ ကြဲချခဲ့တာဖြစ်ပါတယ်။


ရုပ်သံမှာ လမ်းပေါ်က လူတွေ အံ့သြပြီး ပျော်ပျော်ပါးပါး အလုအယက် ကောက်ယူနေခဲ့ကြတာကို တွေ့မြင်ရပါတယ်။ ဒီလိုမျိုး ပိုက်ဆံတွေကို လျှပ်တပြတ်ကြဲချပြီး လူတွေကို အံ့သြပျော်ရွှင်အောင် စီစဉ်ဖန်တီးခဲ့သူကတော့ ဒီဂျစ်တယ်ငွေကြေး ရင်းနှီးမြုတ်နှံမှု ကုမ္ပဏီလုပ်ကိုင်သူ အသက် ၂၄ နှစ်အရွယ် “ဝေါင်းချင်ကစ်” ဆိုသူ လူငယ်တစ်ဦးဖြစ်ပါတယ်။


သူရဲ့ ဒစ်ဂျစ်တယ်ငွေကြေးရင်းနှီးမြုတ်နှံမှု ကုမ္ပဏီကို လူတွေပိုပြီး စိတ်ဝင်စားလာအောင် ပိုက်ဆံတွေ လျှပ်တပြတ်ကြဲချခဲ့တဲ့နည်းနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။

အခုလိုပြုလုပ်ပြီး နောက်မှာတော့ ဟောင်ကောင်ရဲတွေက အများသူငှာအသုံးပြုသွားလာနေတဲ့ လမ်းမှာ ရုန်းရုန်းဖြစ်အောင် လုပ်ခဲ့မှုနဲ့ “ဝေါင်းချင်ကစ်” ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ ရဲတွေဟာ ဟောင်ကောင်ဒေါ်လာ ၆၀၀၀ လောက်ကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အခုလို အဆန်းထွင်တဲ့လုပ်ရပ်ကြောင့် အဆိုပါနေရာတစ်ဝိုက်မှာ ၃၅ မိနစ်လောက် ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားပြီး မနည်းပြန်လည် ရှင်းလင်းခဲ့ရတယ်လို့ စုံစမ်းရေးအရာရှိ ‘ချောင်’ က ဆိုပါတယ်။ ဒါ့အပြင် အခုလို ကောက်ရတဲ့ ပိုက်ဆ့တွေကို ရဲလက်မအပ်တဲ့သူတွေဟာ တရားဥပဒေချိုးဖောက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။


အဆိုပါရုပ်သံကို “ဝေါင်း” က လူမှုကွန်ယက်ဖေ့စ်ဘွခ်ပေါ်တင်ခဲ့ပြီး ချမ်းသာတဲ့လူတွေဆီကနေ လုယက်ပြီး ဆင်းရဲတဲ့သူတွေကို ကူညီမယ်လို့ ရေးသားထားခဲ့ပါတယ်။ “ဝေါင်း” ဟာ အွန်လိုင်းပေါ်ကနေ ဒီဂျစ်တယ်ငွေကြေး(Bit Coin ကဲ့သို့) များ ရင်းနှီးမြုတ်နှံမှုမှာ ဆရာတဆူအဖြစ် သတ်မှတ်ခံထားရတဲ့ လူငယ်လည်းဖြစ်ပါတယ်။ ငွေတွေကြဲချပြီးနောက် သူ့ရဲ့ တန်ဖိုးကြီး လဘော်ဂနီကားနဲ့ ပြန်သွားပြီးနောက် ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။


18 Dec 2018     1,386 Views




RELATED

Most Popular of Special or Others

Most Popular of NEWS