BEC-TERO TV

မြန်မာအိမ်အကူအား လူမဆန်စွာညှင်းပမ်းနှိပ်စက်ခဲ့တဲ့ လင်မယား ပြစ်ဒဏ်ကျခံရ

18 Feb 2019     1,299 Views


မြန်မာအိမ်အကူ “မဖြူဖြူမာ” အား ကြမ်းတိုက်ထားသော ညစ်ညမ်းရေထဲတွင် ခွေးအမွှေးများထည့်ကာ အတင်းအကြပ်သောက်ခိုင်းမှုအပါအဝင် လူမဆန်သော ညှင်းပမ်းနှိပ်စက်နည်းပေါင်းစုံဖြင့် ရက်စက်စွာပြုမူခဲ့သော အိမ်ရှင်လင်မယားအား စင်ကာပူတရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်သည်။
 
အိမ်အကူအပေါ် အဓိကနှိပ်စက်ခဲ့သူ အိမ်ရှင်အမျိုးသမီးဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် အလှပြင်ဆိုင်မန်နေဂျာ Linda Seah Lei Sie အား ပြစ်မှု ၆ ခုအတွက် ထောင်ဒဏ် ၃ နှစ်နှင့် ခင်ပွန်းဖြစ်သူ Lim Toon Leng အသက် ၄၄ နှစ်တို့အား ထောင်ဒဏ် ၆ ပတ် ကျခံစေရန် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် စင်ကာပူတရားရုံးမှ ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
 
ဖြစ်စဉ်မှာ အိမ်အကူ “မဖြူဖြူမာ” အား ၎င်းတို့လင်မယားမှ သူတို့၏ သမီးနှစ်ယောက်ကို စောင့်ရှောက်ရန် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ငှားရမ်းခဲ့ကြ။ မဖြူဖြမာ မှာ ပွန်ဂိုလ်ရပ်ကွက်ရှိ နေအိမ်တွင် ကလေးနှစ်ယောက်ကို ထိန်းရပေးသလို အလှပြင်ဆိုင်သို့လည်း မကြာခဏ လိုက်သွားကာ အလုပ် လုပ်ကိုင်ပေးရသည်။
 
၂၀၁၆ ခုနှစ် သြဂုတ်လတွင် အိမ်ရှင် အမျိုးသမီးဖြစ်သူက သူမအပေါ် စိတ်မကျေနပ်တိုင်း နှိပ်စက်မှုများ စတင်ပြုလုပ်လာခဲ့သည်။ အမှတ်တမဲ့ ရေးနွေးပူလောင်တဲ့ ပုံစံမျိုးဖြစ်အောင် “မဖြူဖြူမာ” ကို ပုခုံးပေါ်မှနေ၍ ရေနွေးပူ ကိုယ်တိုင်လောင်းချရန် နှစ်ကြိမ်နှစ်ခါ စေခိုင်းခံခဲ့ရပြီး ဒဏ်ရာရသွားသော အပူလောင်ဒဏ်ရာများကို ဆေးမကုပေးသည့်အပြင် လက်ချုပ်အပ်ဖြင့် အရေကြည်ဖုများအား ထိုးစွကာ နှိပ်စက်ခဲ့သည်။
 
ဒါ့အပြင် လက်ကိုင်ဖုန်းကို အသုံးပြုပြီး “မဖြူဖြူမာ” ရဲ့ မျက်နှာ၊ ဦးခေါင်း၊ လက်နဲ့ မျက်လုံးတို့ကို အကြိမ်ကြိမ် ရိုက်နှက်ခဲ့သည်။ သူစိတ်တိုသည့်အခါတိုင်း “မဖြူဖြူမာ” ရဲ့ ဆံပင်ကိုဆွဲကာ မီးဖိုကြမ်းပြင်နဲ့ ခေါင်းကိုဆောင့်ပြီး ဒဏ်ရာရရှိပါက အလုပ်အေဂျင်စီကို ကိုယ့်ဟာကိုယ် မတော်တဆဖြစ်တယ်လို့ ပြောရန် ဖိအားပေးစေခိုင်းခဲ့ပါတယ်။
 
“မဖြူဖြူမာ” ဟာ အလုပ်စဝင်ခဲ့စဉ်က ကိုယ်အလေးချိန် ၅၀ ကီလိုရှိခဲ့ရာ အောက်တိုဘာ ၂၀၁၆ အရောက်တွင် အလေးချိန် ၃၈ ကီလိုသာရှိပြီး အစားအစာအဖြစ် ဘီစကစ်မုန့်၊ မကျက်တကျက် ခေါက်ဆွဲကို ရေအေးထဲတွင်ထည့်ကျွေးတာတွေပဲ စားခဲ့ပါတယ်။ တရားရုံးမှာ စစ်ဆေးတဲ့အခါ အိမ်ရှင်မက “မဖြူဖြူမာ” ကို ဝိတ်ကျအောင် စေတနာနဲ့ ကျွေးခဲ့တာလို့ လီဆယ်ပြီး လျှောက်လဲခဲ့ပါတယ်။
 
အိမ်ခန်းအလှဆင် ဒီဇိုင်နာဖြစ်သူ အိမ်ရှင်အမျိုးသားက “မဖြူဖြူမာ” ၏ နဖူးအား လက်သီးဖြင့် နှစ်ကြိမ်ထိုးခဲ့မှုကြောင့် ထောင်ဒဏ် ၆ ပတ်သာကျခံခဲ့ရပါတယ်။
 
“မဖြူဖြူမာ” ဟာ အလုပ်လုပ်နေရပေမယ့် လစာတစ်ခါမှ မရခဲ့ပဲ နောက်ဆုံး နိုဝင်ဘာလမှာ လူ့စွမ်းအားရင်းမြစ်ဝန်ကြီးဌါန MOM က အမှုကို ဝင်ကိုင်တော့မှ လခတွေ ပြန်ရခဲ့ပါတယ်။ ပြဿနာတွေဖြစ်ပြီး ရဲက စတင်စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အခါမှာလည်း အိမ်ရှင်မဖြစ်သူက “မဖြူဖြူမာ” ကို သူသင်ထားတဲ့အတိုင်း လိမ်လည်ထွက်ဆိုဖို့ ခြိမ်းခြောက်ဖိအားပေးခဲ့ပါတယ်။
 
စင်ကာပူတရားရုံးတော်က အိမ်ရှင်မဖြစ်သူ “Seah” အား “မဖြူဖြူမာ” အတွက် လျှော်ကြေး စင်ကာပူဒေါ်လာ ၁၁,၈၀၀ (ကျပ် ၁၃၃ သိန်းကျော်) ပေးဆောင်ရန်၊ ထိုအထဲတွင် စင်ကာပူဒေါ်လာ ၉,၀၀၀ က သူမနာကျင်ခံစားခဲ့ရမူတွေအတွက်ဖြစ်ပြီး ဒေါ်လာ ၂,၈၀၀ ကတော့ သူမရဲ့ လုပ်ခ ၄ လခစာဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။
 
“မဖြူဖြူမာ” အနေနဲ့ အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်ဖို့ အလွန်ကြောက်ရွံ့နေပြီဖြစ်ပြီး နောက်ထပ် အခုလိုမျိုး လူမဆန်စွာ နှိပ်စက်မှုတွေ ခံရမှာကို စိုးရိမ်လျှက်ရှိတယ်လို့ စင်ကာပူ သတင်းစာတွင် ဖော်ပြပါရှိသည်။
 
(ပိုပိုလေး)

18 Feb 2019     1,299 Views




RELATED

Most Popular of International News

Most Popular of NEWS