BEC-TERO TV

အာဇာနည် ကတောင် ‘ဆရာ’ ခေါ်ခဲ့ရတဲ့ “ထင်ကြီး”

18 Mar 2019     1,617 Views


မနေ့ညက ထုတ်လွှင့်ခဲ့တဲ့ The Voice Myanmar ရဲ့ Audition ထူးခြားတဲ့ ပြိုင်ပွဲဝင် အချို့လည်း ပါဝင်ယှဉ်ပြိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီထဲမှာ ပထမဦးဆုံး သတိထားခဲ့မိသူကတော့ အာဇာနည်က ‘ဆရာရယ်..’ လို့ အသံထွက်ခေါ်ရလောက်အောင် ထူးခြားတဲ့  “ထင်ကြီး” ပါ။
 
စင်ကာပူနိုင်ငံကနေ လာရောက်ယှဉ်ပြိုင်တဲ့ “ထင်ကြီး” က အသံပါဝါကောင်းပြီး ညာသံအမြင့်ဆုံးရောက်အောင် သီဆိုတတ်တဲ့ မျိုးကြီးရဲ့ “ရှေ့ကလမ်းမများ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ 
ဒီသီချင်းကို ‘ထင်ကြီး’ က ဘယ်သံကျကျကြီးဆင်းပြီး အသံလုံးကြီးကြီးနဲ့ သီဆိုပြတာကို အာဇာနည် ခိုက်သွားခဲ့ပုံရပါတယ်။ အခြားနည်းပြတွေ ဘာလုပ်ရမလဲဆိုတာ မဆုံးဖြတ်နိုင်သေးခင် ဒိုင်းကနဲ ခလုပ်ကိုနှိပ်ပြီး ရွေးချယ်ခဲ့ပါတယ်။
 
 
ဒါပေမယ့် သီချင်းရဲ့ အမြင့်ပိုင်း သီဆိုတဲ့နေရာအရောက်မှာတော့ အသံတွေယိုင်ပြီး ကီးရောက်အောင် မဆိုနိုင်တာတွေ တွေ့ရတဲ့အခါ အာဇာနည် တစ်ယောက် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားတဲ့ မျက်နှာကို အားလုံး မြင်တွေ့လိုက်ရမှာ။ 
နီနီခင်ဇော် က အာဇာနည်ကို “တိုင်ပတ်နေတယ်” လို့ လှမ်းပြောလိုက်တာကို ကြားလိုက်ရပါတယ်။ သီချင်းအဆုံးမှာ အာဇာနည် ကိုယ်တိုင်က ထင်ကြီးကို “ဆရာရယ်...” လို့ ခေါ်ပြီး ဘာပြောလို့ပြောရမှန်းမသိဖြစ်ခဲ့ပါတယ်။
 
 
ဒါပေမယ့် ဒီလိုအဖြစ်မျိုးဟာ တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်။ ကင်မရာတွေ ရှေ့၊ တတ်ကျွမ်းနာလည်တဲ့ နိုင်ငံကျော် အဆိုတော်ကြီးတွေရဲ့ရှေ့မှာ စင်ပေါ်ရောက်သွားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှုက ဘာနဲ့မှတောင် နှိုင်းပြလို့ ရမယ်မထင်ပါဘူး။ 
 
“ထင်ကြီး” ဟာ ခေသူတစ်ယောက်တော့လည်း မဟုတ်ပါဘူး စင်ကာပူနိုင်ငံမှာ နေထိုင်ရင်း သူငယ်ချင်းတွေနဲ့ စုဖွဲ့ထားတဲ့ တီးဝိုင်းလေး တစ်ခုရှိပြီး မြန်မာပွဲတော်တွေတိုင်းမှာ စင်ပေါ်တက် သီချင်းတွေ ဟစ်ကြွေးခဲ့သူလည်းဖြစ်ပါတယ်။ စင်ကာပူ မြန်မာအသိုင်းအဝိုင်းက သူ့ကို မသိတဲ့သူ ခပ်ရှားရှားရယ်ပါ။
 
 
အာဇာနည် အနေနဲ့ “ထင်ကြီး” ရဲ့ သီဆိုမှုမှာ လေ့ကျင့်ပြင်ဆင်ပေးရင် ပိုကောင်းလာမယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ် (ဆန္ဒစောမိသွားတာကတော့ တစ်ပိုင်းပေါ့လေ)
နောက်ထပ်အဆင့်တွေမှာ “ထင်ကြီး” အာဇာနည်နဲ့ လက်တွဲပြီး ပရိသတ်ကို ဘာတွေချပြသွားဦးမလဲဆိုတာ မသိသေးခင် စင်ကာပူနိုင်ငံမှာ သီဆိုဖျော်ဖြေနေတဲ့ “ထင်ကြီး” ရဲ့ ရုပ်သံကို ကြည့်ထားနှင့်ကြပါဦး။
 
 

18 Mar 2019     1,617 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment