BEC-TERO TV

သမီးတွေကို ပြောပြပေးပါ၊ အစ်ကိုရင်းဆိုတာလည်း ယောကျ်ားတွေဖြစ်တယ်ဆိုတာ

18 Mar 2019     4,034 Views


ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုများပြီး ယဉ်ကျေးမှု အစဉ်လာကြီးမားတဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ ဒီအကြောင်းကို ရေးသားဖော်ပြပေးရတာ အတော်မျက်နှာပူစရာကောင်းပါတယ်။ အကျင့်သိက္ခာပြည့်စုံတဲ့ ယောကျ်ားကောင်းတွေရဲ့ ဂုဏ်သိက္ခာလည်း တစ်စိတ်တပိုင်း စွန်းထင်းသွားနိုင်ပေမယ့် မပြောလို့ မဖြစ်တော့အောင် ဆိုးရွားနေတာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။
 
ယနေ့ခေတ်မှာ အိမ်တွင်းလိင်အကြမ်းဖက်မှုတွေကြောင့် သက်ငယ်မုဒိန်းတွေ ရှိလာခဲ့ပြီး ပတ်ဝန်းကျင်မှာ မျက်နှာမပြရဲတဲ့ အဖြစ်ပျက်တွေ ခံစားနေရတဲ့ မိသားစုတွေ ရှိနေတယ်ဆိုတာ အားလုံးကို သိစေချင်ပါတယ်။ “Single Mother” ဆိုတဲ့ အမည်နာမ လှလှလေးနဲ့ ရပ်တည်နေကြသူတိုင်းဟာ အတိတ်မှာ အဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရသူတွေ ဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်။ 
 
အဲဒီအထဲမှာ အစ်ကိုအရင်းနဲ့ ကလေးရသွားသူ၊ အမွှာမောင်နှမချင်း ဖြစ်ကြပြီး ကိုယ်ဝန်ရှိသွားသူတွေ ရှိတယ်ဆိုရင် ယုံကြည်နိုင်ပါ့မလားတောင် မသိပါဘူး။ ဒါကြောင့်မို့ မိခင်တွေအနေနဲ့ သမီးမိန်းကလေးတွေကို ဘယ်အရွယ်ပင်ဖြစ်ဖြစ် ရင်အုပ်မကွာ စောင့်ရှောက်ရန်လိုအပ်ပြီး အဖေ၊ အစ်ကို၊ မောင် တွေဟာလည်း ယောကျ်ားဖြစ်ကြောင်း မရိုင်းတဲ့နည်းနဲ့ သဘောပေါက် နားလည်အောင် ရှင်းပြပေးဖို့ လိုနေပါပြီ။ 
 
ဒီအကြောင်းတွေကို သန်လျင်မြို့က “Single Mother” များကို ကူညီခိုနားဖို့ တည်ထောင်ထားတဲ့ “မြင့်မိုရ်မေတ္တာခိုနားရာ” ဂေဟာလေးက ဒေါက်တာ မမြတ်သန့် က သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ ရေးသားဖော်ပြခဲ့တာကို ဖော်ပြပေးလိုက်ရပါတယ်။
 
အရင်က ခိုနားရာမှာ ဗိုက် ၂ဝရှိရင် သက်ငယ်တွေ အများဆုံးပါ ၂ ယောက်ပေါ့ ၁၀% လောက်သာ။ ခုနောက်ပိုင်းတော့ ၂၀ လောက်မှာ ၅ ယောက်လောက် သက်ငယ်တွေ ပါလာတတ်သည်။ ကျမဂေဟာ တစ်ခုထဲရဲ့ အနေအထားမှာတော့ ၂၅%လောက်တက်လာသည်။ ကြက်သီးထပါဘိ။ ဒါပေမယ့် တရားရင်ဆိုင်ကြတဲ့ Case တော့ တက်မလာ။ ခါတိုင်းလိုပဲ တရားရုံးမရောက်ကြ။
 
ဒါပေမယ့် ခုတလော ခပ်စိတ်စိတ်ကြားလာရတဲ့ သက်ငယ်မုဒိမ်း တရားခံတွေအကြောင်းတော့ နည်းနည်းမျှဝေချင်လို့ မရေးတာကြာပေမယ့် ဒီစာကို ကျမရေးလိုက်ပါသည်။ ကျမစာရေးရင် ဖတ်သူတိုင်းစိတ်ညစ်စေတဲ့ ပါရမီရှိသူမို့ စာရေးကျဲလာသလို ရှည်ရှည်ဝေးဝေးလည်း မရေးတော့ပါ။ လမ်းကြုံလို့ လိုရင်းသာပြောပါမည်။
 
သမီးတွေကို ပြောပြပေးပါ။  အကိုအရင်းတွေဟာလည်းယောကျ်ားတွေဆိုတာပါ။ ဒီစကားပြောချဖို့ ကျမအတော် အခက်အခဲရှိပါသည်။ ဒါပေမယ့် လက်တို့သင့်တဲ့ အနေအထားမို့လို့ ပြောတာပါ။ မှတ်မှတ်ရရ ကျမဘဝမှာ ပထမဆုံးစောင့်ရှောက်ပေးဖို့ ခေါ်ခဲ့တဲ့ ကိုယ်ဝန်သည်ဟာ အကိုရင်းနဲ့ ကလေးရသူပါ။
 
သမီးနဲ့ သား ပြသနာပေါ်တဲ့အခါ ဖအေလုပ်သူက ရင်နာနာနဲ့သားကို ရိုက်နှက် မောင်းထုတ်ပြီး ဗိုက်ကလေးစူနေတဲ့ သမီးကို ခဏခဏ အကြောင်းရှာရိုက်နေလို့ သူတို့ အိမ်က အပူမီးကို ခဏငြိမ်းစေဖို့ ကျမခေါ်စောင့်ရှောက်ခဲ့ပေမယ့် မွေးလာတဲ့ကလေးကို ပြန်မခေါ်သွားလို့ ကိုယ့်လက်နဲ့ မိဘမဲ့ကျောင်း ပို့ပေးခဲ့ရဖူးပါတယ်။
 
ပြောမယ့်ပြောမှတော့ ဆက်ပြောပါအုံးမယ်။ အမွှာ အရင်းချင်း ဖြစ်ကြပြီး ကိုယ်ဝန်ရတာလည်းကြုံဖူးပါတယ်။ ဒီအမေ ကျမဆေးခန်းနေ့တိုင်းနီးပါးလာငိုပြီး မွေးလို့မရလို့ ဖျက်ချပေးဖို့ တောင်းဆိုတဲ့အခါ မိခင်လုပ်သူ(အမွှာတို့အမေ )ကိုလည်းသနား။ ကိုယ်ကလည်း ဖျက်မပေးနိုင် သူ့လည်း မကူညီနိုင်လို့ ရှောင်ပြေးတဲ့အနေနဲ့ ဆေးခန်းပိတ်ပြီး ခရီးထွက်လိုက်ဖူးပါတယ်။ ဆိုလိုနေတာ အခုမှ ကြုံဖူးတာ မဟုတ်ဖူးဆိုတာပါ။
 
ဒါပေမယ့် ခုတလော ခပ်စိတ်စိတ်လာလို့ သက်ငယ် Case တွေဆို ကျမ မေးမြန်းတာတွေတောင် သိပ်မလုပ်ချင်တော့ပါဘူး။ အကိုအရင်း လက်ချက်မိကြတဲ့အခါ ဒီမိဘတွေခမျာ ဘယ်လိုဖြေရှင်းကြမှာလည်း မတွေးတတ်တော့ပါဘူး ။ အရမ်းလည်းရင်လေးပါတယ်။ ဒီမွေးလာတဲ့ကလေးကို စွန့်ပစ်ထားခဲ့မယ် ဆိုတော့ ကျမက တားရပါတယ်။ သက်ငယ် Case တွေဟာ သူတို့ကစဉ်းစားတတ်တဲ့အရွယ်မဟုတ်လို့ မိဘနဲ့သာဆွေးနွေးရတာပါ။
 
"စဉ်းစားကြည့်ပါအုံး အမရယ်။ စွန့်ပစ်ဖို့ဆိုတာ အမတို့အနေနဲ့ ပိုပြီး မဖြစ်သင့်ပါဘူး။ မြေးက နှစ်ဘက်စလုံးက သွေးသား တော်တာလေ။ သားရဲ့ ကလေး။ သမီးရဲ့ ကလေးမို မြေးနှစ်မြေးစာ ကလေးကျမှ မစွန့်ပစ်ပါနဲ့အမရယ်။ သွေးတောင် ပိုရင်းပါတယ်.."လို့... ကိုယ်တောင်းဆိုပေးလို့ "အေးလေ...ဟုတ်ပါတယ်..ပြန်ခေါ်သွားပါ့မယ်" လို့ ပြောလာတော့ ကျမရင်ထဲလေးနေသည်။
 
Gender equality မရှိတဲ့ တိုင်းပြည်မို့ သားနဲ့သမီးကြား ပြသနာဟာ အမေအသုံးမကျလို့ ဖြစ်သယောင်။ ဖခင်က မိခင်ကို အပြစ်မပုံ တပုံပါ။ မအေကလည်း အဖေလုပ်သူကို နင်စီမံလေဆိုတဲ့ မျက်စောင်းနဲ့ကြည့်။ လင်မယားနှစ်ယောက် (မိဘနှစ်ပါး)အမြဲငြိပြီး ရန်တွေဖြစ်နေတော့ ဟို မောင်နှမ လင်မယားက မျက်လုံးလေး ကလယ်ကလယ်နဲ့ ပေါ့။
 
မိဘတွေအနေနဲ့သားကိုလည်း အရေးယူ ူလို့မရပါ။ မိသားစုဝင်တစ်ယောက် ထောင်ထဲရောက်သွားရုံရှိမှာပါ။ ပိုပူပါလိမ့်မယ်။ သမီးကိုလည်း စွန့်ပစ်မရတဲ့အထဲ ဒီနှစ်ဘက်စလုံးကတော်စပ်တဲ့ မြေးဆိုတဲ့ကလေးနဲ့ ဒီအိမ် ဒီမိသားစု တစ်ယောက်မျက်နှာ တစ်ယောက် ဘယ်လိုကြည့်ပြီး ဘယ်နှာခေါင်းနဲ့ အသက်ရူကြမယ် ကျမ မသိတော့ပါ။ သက်ငယ်မုဒိမ်း သေဒဏ်ပေးလည်း ဒီလို ကိစ္စတွေအတွက်သိပ်မထူးပါ။ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်ကို ထိန်းမတ်ပေးဖို့ပဲ ကိုးစားကြပါ။ မည်သူ့ကိုမှ စိတ်မဆင်းရဲစေချင်လို့ ကျမ စာမရေးဖြစ်တာ ကြာပါပြီ။ ဒါပေမယ့် မပြောမဖြစ်လို့ နားလည်ပေးပါ။
 
သားတွေကို ပြောပြပေးပါ။ ညီမေလးဆိုတာ လိင်ကစားစရာ မဟုတ်တာ သမီးတွေကို ပြောပြပေးပါ။ အကိုအရင်းဆိုတာလည်း ယောက်ျားပါပဲလို့။
 
Dr Myat Thant
မြင့်မိုရ်မေတ္တာ ခိုနားရာ
(သန်လျင်)
 
ဒါ့အပြင် ဆယ်ကျော်သက် သားသမီးတွေမှာ အခုလိုပြဿနာတွေ မဖြစ်လာအောင် ဗဟုသုတအနေနဲ့ ဖတ်ရှုသင့်တဲ့ စာအုပ်စာရင်းကိုလည်း ဆရာမက ဖော်ပြပေးထားပါသေတယ်။ ကျွန်တော်တို့ ငယ်ငယ်က ဆရာကြီးပီမိုးနင်း ရေးသားတဲ့ ဖိုမစာအုပ်တွေ စူးစမ်းလိုစိတ်နဲ့ ဖတ်ရင် ရိုက်ခံရတဲ့ခေတ် ကုန်သွားပါပြီ။ ဒီလိုစာအုပ်တွေဟာ လိင်စိတ်ကို နိုးကြွတာထက် အသိပညာပေးတာကပိုပါတယ်၊ ဒါကြောင့် အောက်ဖော်ပြပါ စာအုပ်များကို သားငယ်သမီးငယ်လေးများ လိင်နဲ့ပက်သက်ပြီး ဗဟုသုတကြွယ်၊ အန္တရာယ်ကို ရှောင်းရှားနိုင်အောင် ဖတ်မိစေဖို့ရန် မိဘတွေမှာ တာဝန်ရှိပါတယ်။
 
၁။ သမီးတွေကို ပြောပြပေးပါ
၂။ ဒီဘက်ခေတ် မိဘတိုင်းရဲ့ တာဝန်
၃။ ပြစ်တင်ကဲ့ရဲ့မှုများရဲ့ နောက်ကွယ်
၄။ လျှပ်ပေါ်လော်လီ ဝတ်စားခြင်း၊ သေဒဏ်နှင့် မုဒိမ်းမှုတို့ကြားက အဆက်အစပ်
၅။ မုဒိမ်းမှုတွေကို လျှော့ချဖို့ လုပ်ဆောင်ရမယ့် အချက်(၅)ချက်
၆။ အကာအကွယ်မဲ့နေတဲ့ ဘဝတွေ
၇။ ဆယ်ကျော်သက်တွေ စောစောစီးစီး အိမ်ထောင်မကျစေဖို့ 
၈။ လုံးဝလက်သင့်မခံနိုင်ကြောင်း ပြသပေးပါ
၉။ ရေလည်ဂေါ်တဲ့ ယောကျာ်းတွေ
၁၀။ Sex chat ခြင်းနှင့် ပတ်သက်သမျှ
၁၁။ အသေးအဖွဲလေးတွေကနေ စရအောင်
၁၂။ ခြံတွေ ဘာကြောင့် ခုန်ကြတယ်
၁၃။ ပြီးပြည့်စုံတဲ့ Relationship တစ်ခုဆိုတာ
၁၄။ အမျိုးသားများလည်း နစ်နာရပါတယ်
၁၅။ လူငယ်များအတွက် လုံခြုံတဲ့နေရာ
၁၆။ လိင်အကြမ်းဖက်မှုတွေကို ဘယ်လိုကာကွယ်မလဲ
၁၇။ မိန်းကလေးငယ်များနဲ့ Window seat
၁၈။ အမျိုးသမီးတစ်ယောက် ထက်မြက်ဖို့ဆိုရင်
၁၉။ ရင်းနှီးသူများက ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ
၂၀။ ညီမလေးတို့ ဂျင်းမမိစေဖို့
၂၁။ ကာမလိမ်လည်ရယူကြရာဝယ်
၂၂။ အမျိုးသမီးတွေ ခေါင်းဆောင်နေရာရဖို့
၂၃။ နေရာပေးဖို့နဲ့ ယူနိုင်ဖို့
၂၄။ ဗယ်လန်တိုင်းဒေးနှင့် ပတ်သက်သော အယူအဆမှား ၄ ခု
၂၅။ ရာသီဘာကြောင့်လာ၊ ကိုယ်ဝန်ဘာကြောင့်ရ
၂၆။ သားအိမ်ခေါင်းကင်ဆာ တိုက်ပွဲ
၂၇။ ကိုယ်ဝန်ယူသင့်တဲ့ အပိုင်းအခြားတွေ
၂၈။ သာမန်အမျိုးသမီးတွေကိုပါ ပြဿနာပေးလာတဲ့ HIV ပိုး
၂၉။ အပျိုစင်ဘဝကို ဘယ်လိုမြင်ကြသလဲ
၃၀။ Single mother တွေကို သိစေချင်ပါတယ် တို့ပဲ ဖြစ်ပါတယ်။
 
မူရင်းပိုစ့် − https://bit.ly/2Fj0Xzj

18 Mar 2019     4,034 Views




RELATED

Most Popular of Special or Others

Most Popular of NEWS