BEC-TERO TV

လက်မောင်းက ကြွက်သားမြှောင်းတွေပေါ်သွားတဲ့ထိ ပုဆိုးဝတ်ပြလိုက်လို့ လူပြောခံနေရတဲ့ Hugo

21 Mar 2019     1,848 Views


နှုတ်ခမ်းနီမလေးတွေရဲ့ အသဲနှလုံးကို အချိန်ခဏလေးအတွင်းသိမ်းပိုက်လိုက်တဲ့ နာမည်ဆန်းလေးနဲ့ ညိုချောကောင်လေး Hugo ကိုတော့ ပရိသတ်တွေသိတာ သိပ်မကြာသေးပါဘူး။ အသက်ငယ်သေးပေမယ့် နိုင်ငံခြားဆန်ဆန် ယောကျာ်းပီသပြီးဆွဲဆောင်မှုရှိတဲ့ရုပ်ရည်နဲ့ ညိုချောကောင်လေးဖြစ်တာကြောင့် မမတွေ၊ ခေးတွေအားလုံးက Hugo ရဲ့အပြုံးတွေအောက်မှာ ကြွေကျနေကြတာပဲဖြစ်ပါတယ်။

Hugo ဟာဆိုရင် မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့ ဟောင်ကောင်အက်ရှင်ကား Line Walker 2 မှာ ရဲတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ရာမှ ပရိသတ်တွေစတင်သိလာခဲ့တာဖြစ်ပြီး နိုင်ငံတစ်ကာမှာ ဇာတ်လမ်းတိုရိုက်ကူးခြင်းနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေကိုပြုလုပ်နေတဲ့ International မော်ဒယ်သရုပ်ဆောင်ဖြစ်ပါတယ်။ ဒါ့အပြင် Mister Myanmar Beauty Paradise 2018 မှာလည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

မန်မာ့အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီဖြစ်တဲ့ Hugo ကတော့ ရုပ်ရှင်ကားတွေကိုပါ ရိုက်ကူးနေပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ Hugo က (၁၀) တန်းကျောင်းသားလေးအသွင်နဲ့ ရုပ်ရှင်ရိုက်ကူးမှုပြုလုပ်နေပြီး အဖြူနဲ့အစိမ်းဝတ်ထားတဲ့ ကျောင်းသားပုံစံလေးနဲ့ သူ့ရဲ့ပုံရိပ်တွေကိုတော့ ဖေ့စ်ဘွတ်ကနေ အမှတ်တရအဖြစ်တင်ထားတာတွေ့ရပါတယ်။

သူတင်ထားတဲ့ ပုံတွေထဲက တစ်ပုံကတော့ပရိသတ်တွေအတွက် ပြောစရာဖြစ်လို့နေပါတယ်။ အဲ့တာကတော့ Hugo ကလူငယ်သဘာဝ ပုဆိုးမနိုင်ဖြစ်နေတဲ့ ဆယ်တန်းကျောင်းသားလေးပုံစံအတိုင်း ပုဆိုးကိုဖြန့်ဝတ်ပြနေတာဖြစ်ပြီး လက်မောင်းကကြွက်သားမြှောင်းတွေပါ ပေါ်သွားတဲ့ထိဟန်ပြ၀တ်ပြလိုက်တာကြောင့် ပရိသတ်တွေရဲ့အမြင်မှာတော့ အပိုအဆာလေးဖြစ်သွားဟန်တူနေပါတယ်။

အတွင်းအားတွေပါ ထုတ်သုံးပြီးပုဆိုးဝတ်ပြလိုက်ဟန်တူနေတဲ့ Hugo ကို ပရိသတ်တစ်ယောက်ကလည်း “မင်းပုဆိုးက အဲ့လောက်ညှစ်ဝတ်ရအောင် ဖယောင်းပုဆိုးများလား” ဆိုပြီး စနောက်ကောမန့်ပေးထားတာကိုလည်း တွေ့မြင်ရပြီး “ကျွန်တော်လည်း မရည်ရွယ်ပါဘူး တကယ့်ရီစရာပို့စ်လေးပါ”ဆိုပြီး Hugo က သူ့ပုံသူကြည့်ကာ သဘောကျစရာအဖြစ်နဲ့ ပြန်လည်ကောမန့်ပေးထားခဲ့ပါတယ်။

 

ကြွက်သားအဖုအထစ်နဲ့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတဲ့ Hugo အတွက်တော့ ဒီပုံလေးက တကယ်လား ဟန်ရေးပြလုပ်ထားတာလားဆိုတာကိုတော့ ပရိသတ်ကြီးကပဲ ကြည့်ပြီးဝေဖန်ပေးသွားကြပါဦးနော်…

(ပိုပိုလေး)

 


21 Mar 2019     1,848 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment