BEC-TERO TV

အော်ဟစ်ငိုယိုပြီး သရုပ်ဆောင်မှ အကယ်ဒမီပေးတာလားလို့ မေးခွန်းထုတ်လိုက်တဲ့ မင်းဦး

26 Mar 2019     1,300 Views


၂၀၁၈ ခုနှစ်အတွက်ပေးအပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကတော့ မတ်လ ၂၃ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း အကယ်ဒမီနဲ့ပတ်သက်တဲ့ ပြင်းထန်စွာဝေဖန်မှုတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေ၊ မကျေနပ်ချက်တွေစတဲ့ အကယ်ဒမီဂယက်အမျိုးမျိုးကတော့ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက်အကယ်ဒမီပေးပွဲကြီးမှာ ကဏ္ဍအသီးသီးမှ ထူးချွန်သူတွေက အကယ်ဒမီဆုကြီးတွေကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တစ်ချို့အနုပညာရှင်တွေက ပရိသတ်အကြိုက်နဲ့ ကိုက်ညီခဲ့သလို တစ်ချို့ဆုရရှိတဲ့သူတွေကလည်း ပရိသတ်ဆန္ဒနဲ့ တစ်ထပ်တည်းမကျပဲ ကွဲလွဲနေတာကြောင့် ယခုလိုမျိုးဝေဖန်မှုတွေအမျိုးမျိုး ထွက်ပေါ်နေတာဖြစ်ပါတယ်။

ရင်ထဲကဆန္ဒနဲ့ မကိုက်ညီတာကြောင့် မကျေနပ်ချက်ချက်တွေကို ပေါက်ကွဲထုတ်တဲ့အထဲမှာ ပရိသတ်တွေအပြင် အနုပညာရှင်တော်တော်များများလည်း ပါဝင်ခဲ့ပါတယ်။ တစ်ချို့အနုပညာရှင်တွေက သွယ်ဝိုက်၍ဖြစ်စေ၊ ဒဲ့တိုးဖြစ်စေ အွန်လိုင်းစာမျက်နှာတွေကနေ ရေးသားပြောဆိုကြသလို တစ်ချို့လည်း မီဒီယာတွေရဲ့အင်တာဗျူးကနေ ပြောဆိုခဲ့ကြတာတွေရှိပါတယ်။ ထိုထဲမှာတွင် ၀ါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သူ မင်းဦးကလည်း သူ့စိတ်ထဲကမကျေနပ်မှုတွေကို မီဒီယာတွေကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။

သရုပ်ဆောင်မင်းဦးက သူ့စိတ်ထဲကမျှော်မှန်းထားတဲ့သူတွေ အကယ်ဒမီဆုတွေနဲ့လွဲခဲ့တဲ့အပေါ် “အစ်ကိုတို့ စိတ်မကောင်းဘူး။ စိတ်မကောင်းဘူးဆိုတာက အစ်ကိုတို့ထင်ထားတဲ့၊ အစ်ကိုတို့ကြိုက်တဲ့ကားတွေက တစ်ကားမှပါမလာဘူး။ နောက်ကိုယ်ကိုတိုင် အံ့သြသွားတာက အစ်ကိုတို့လည်း ဒီလိုအိုက်တင်တွေကို အများကြီုးလုပ်ခဲ့ပြီးပြီ။ ဒီလိုအိုက်တင်တွေ၊ ဒီလိုဇတ်ကားတွေ၊ ဒီလိုပုံစံတွေလုပ်မှပဲ အကယ်ဒမီပေးမှာလားပေါ့။ လူတွေကလည်း အဲ့လိုထင်နေတာ နှစ်ပေါင်းကြာပြီ၊ ဒီလိုအိုက်တင်တွေကို ပေးနေတာကလဲ နှစ်တွေအများကြီးကြာနေပြီ။ ဒီဟာကို အစ်ကိုတို့မပြောင်းနိုင်သေးသရွေ့ အပြောခံနေရဦးမှာပဲ။ အိုင်တင်ဆိုတာက ဘာလဲ၊ ဘယ်လိုပုံစံလုပ်ရတာလဲ၊ ဘယ်လိုလေးသွားရတာလဲ အပြောင်းအလဲတော့ရှိရမှာပေါ့။”

“ခုတော့ ပေးတဲ့ပုံစံကော ဇတ်ကားပုံစံတွေကော ဟိုးတုန်းတည်းက အတိုင်းပဲဆိုတော့ အစ်ကိုတို့ကိုယ်တိုင်တောင် အဲ့အတွက်အံ့သြတယ်။ အဲ့လိုတွေလုပ်လိုက်တဲ့အတွက် အနုပညာလောကသားတွေအကုန်လုံးက အားလုံးရဲ့ပြောစရာ၊ သူများတံတွေးထွေးစရာ၊ အပြစ်ပြောစရာလောကတစ်ခုဖြစ်သွားတာ အဲ့ဒီ့အတွက်တော့ စိတ်မကောင်းဘူး။ အကုန်လုံးတော့မဟုတ်ပေမယ့် ဒီလောကအတွက်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတဲ့သူတွေရှိတယ်။ ဒါပေမယ့် ပရိသတ်တွေက မင်းတို့လောကကြီးပါပဲဆိုပြီး ၀ိုင်းပြီးအဆဲခံရတဲ့အချိန်ကြတော့ တော်တော်လေးစိတ်မကောင်းဘူး။ ဒီ့ထက်အခြေအနေတွေမဆိုးလာခင်မှာ ဘာလုပ်ရမယ်၊ ပရိသတ်တွေရဲ့ယုံကြည်မှုရအောင် ဘယ်လိုဆက်သွားမလဲ၊ ဘယ်လိုပြင်ဆင်ကြမှာလဲဆိုတာက တကယ့်ကိုစဉ်းစားဖို့အချိန်ရောက်နေပြီ” ဆိုကာ အနုပညာလောကနဲ့ပတ်သက်ပြီး အဟောင်းတွေကို အသစ်ဖြစ်အောင်ပြောင်းလဲချိန်တန်နေပြီလို့ ဆိုသွားခဲ့ပါတယ်။

ပရိသတ်တွေက အကယ်ဒမီအကဲဖြတ်အဖွဲ့ လူကြီးတွေကိုဝေဖန်နေမှုအပေါ် သရုပ်ဆောင်မင်းဦးက “လူကြီးတွေကလဲ ငါတို့ကိုမကြိုက်ရင် လူငယ်တွေလုပ်ပါ။ အိုကေ လူငယ်တွေကလုပ်မယ်။ လူကြီးတွေက ဘယ်လိုလွှဲမှာလဲ၊ ဘယ်လိုသွားမှာလဲ၊ လူငယ်တွေက ဘယ်လိုပုံစံနဲ့သွားမှာလဲ။ အကောင်းဆုံးဖြစ်အောင်တော့ လူကြီးရော လူငယ်ရော ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်စေချင်တယ်။ အစ်ကို့အနုပညာလောကတစ်လျှောက်မှာ အခုလိုမျိုး ရုန်းရင်းဆန်ခတ်နဲ့ အပြောခံအဆိုခံဖြစ်တာ အစ်ကို့တစ်သက် တစ်ခါမှမမြင်ဖူးဘူး၊ နှစ်ပေါင်းများစွာကြာပြီ။ ဘယ်လိုတွေ အဲ့လောက်တောင်ဖြစ်နေကြတာလဲ၊ အဲ့လောက်ဖြစ်နေတာတောင် မသိကြဘူးလား။ ပထမနှစ်ကဖြစ်တယ် အခုနောက်ထပ် ဒုတိယနှစ်ထပ်ဖြစ်တယ်။ ဒီနှစ်ကတော့ အဆိုးဆုံးပဲ။ အဲ့တာကြောင့် ပရိသတ်ယုံကြည်မှုပြန်ရအောင် ဘယ်လိုတွေပြန်ကြိုးစားရမလဲ၊ ဘယ်လိုလေးပြုပြင်ရမလဲဆိုတာ ပြန်စဉ်းစားဖို့ကောင်းနေပြီ” ဆိုပြီး သူ့ရဲ့အမြင်သဘောထားကို လွတ်လပ်စွာပြောပြသွားခဲ့ပါတယ်။

ဒါ့အပြင် အကယ်ဒမီအကဲဖြတ်အဖွဲ့က လူကြီးတွေကို အော်ဟစ်ငိုယိုပြတဲ့ အိုက်တင်တွေကိုပဲ အကယ်ဒမီပေး မှာလားလို့လည်း  မေးခွန်းထုတ်လိုက်ပါတယ်။ “အကဲဖြတ်အဖွဲ့ကထုတ်ထားတဲ့ တစ်ချို့စည်းကမ်းတွေကျတော့ အစ်ကိုတို့လည်းမသိဘူး။ မသိတော့ အစ်ကိုကဘာပြောချင်လဲဆိုတော့ တစ်သက်လုံးဒီလိုအိုက်တင်တွေပဲ ပေးမှာလား။ အဲ့တာကိုစဉ်းစားရမှာ။ တစ်သက်လုံးဒီလိုတွေ ငိုယိုအော်ဟစ်ပြီးတော့ အဲ့လိုဖြစ်နေမှ ပေးမှလားလို့ ပြောချင်တယ်။ အိုက်တင်တွေ တစ်ခုနဲ့တစ်ခုမတူအောင် ထူးခြားအောင်ကြိုစားနေသူတွေက ဒီလိုအိုက်တင်တွေလုပ်မှ၊ ဒီလိုကားမျိုးရိုက်မှရမယ်ဆိုတာကတော့ ကြိုးစားတဲ့သူတွေအတွက်မကောင်းသလို ဒီအနုပညာလောကအတွက်လည်း မကောင်းဘူး။” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

ဆက်လက်ပြီး သရုပ်ဆောင်မင်းဦးက သူပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ ဒါရိုက်တာခရစ်တီးနားခီရိုက်ကူးထားပြီး သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကား ဆုမရခဲ့တဲ့အပေါ်ကိုလည်း “အစ်ကိုတို့က ပထမဆုံးကားဖြစ်တဲ့အတွက် အစ်ကို့ကားက ဇကာတင်ထဲပါမလာတဲ့အတွက် သိပ်တော့မခံစားရပေမယ့် တစ်ချို့လူတွေကတော့ ခံစားရတယ်။ ဘာလို့ပါမလာတာလဲ အကောင်းဆုံးဖြစ်အောင်လဲ ရိုက်ထားတယ် သီချင်းတွေရော အားလုံးပဲ။ ဒါပေမယ့် ဘာဖြစ်လို့ပါမလာလဲဆိုတာကတော့ သူတို့အထဲကလူတွေပဲသိမယ်။ အစ်ကိုတို့ကားတွေပါမလားဘူး သူတို့လည်းကျေနပ်တယ်၊ ဇာဏ်ခီကလဲပြောတယ် ကျေနပ်တယ်တဲ့။ မီတို့ကိုလည်းကြိုက်တယ် ဒါပေမယ့် ဘာဖြစ်လို့ပါမလာတာလဲဆိုတာကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တာပေါ့” ဆိုကာ စိတ်ပျက်လက်ပျက်ဖြစ်စွာ ပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

 

Source_The Voice

(ပိုပိုလေး)

 

 


26 Mar 2019     1,300 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS