BEC-TERO TV

ဝက်သွေးတုံးစားပြီး ခြေထောက်နှစ်ဖက်စလုံး ဖြတ်ပစ်ခဲ့ရသူ

10 Apr 2019     1,587 Views


ဝက်သွေးကြိုက်သူတွေအတွက်တော့ ထိတ်လန့်စရာ သတင်းတစ်ပုဒ်ပါပဲ။ အထူးသဖြင့် ဝက်သားဒုတ်ထိုး မကြာခဏစားကြသူတွေ အထူးသတိထားရမှာကတော့ ဝက်သွေးဖြစ်ပါတယ်။ ဒုတ်ထိုးဆိုင်တွေမှာ ဝက်သွေးက စျေးအသက်သာဆုံးဖြစ်လို့ အများကြီးစားမိရင် အခုလိုအဖြစ်ဆိုမျိုးနဲ့ လူတိုင်းကြုံတွေ့နိုင်ပါတယ်။
 
 
ထိုင်းနိုင်ငံက Pao Nopparat Milinthanuch ဆိုတဲ့ လူငယ်ဟာ ဝက်သွေးကနေတစ်ဆင့် သွေးထဲကို ဗိုင်းရပ်စ်ပိုးကူးစက်ပြီး နောက်ဆုံးမှာ အသက်ရှင်ဖို့အတွက် ခြေထောက်နှစ်ဖက်လုံးကို ဒူးအောက်ကနေစပြီး ဖြတ်တောက်ပစ်ခဲ့ရပါတယ်။ အရွယ်ကောင်းတုန်းမှာပဲ အစားတစ်လုတ်ကြောင့် ဒုက္ခိတဘဝကို ရောက်သွားခဲ့ပါတယ်။
 
 
ခိုဆော့သတင်းမီဒီယာမှာ ဖော်ပြထားတာကတော့ ၂၀၁၆ ခုနှစ်တုန်းက အခုလို သင်္ကြန်ပွဲတော်ရက်မှာ ဘန်ကောက်မြို့ကနေ နေရပ်ကို ပြန်လာခဲ့ပါတယ်။ သင်္ကြန်တွင်းမှာ အလှူတစ်ခုနဲ့ ကြုံပြီး တည်ခင်းထားတဲ့ ဝက်သွေးတုံးတွေ စားခဲ့မိပါတယ်။ 
 
အဲဒီနောက်မှာ နေမကောင်းချင်သလို မအီမသာ ဖြစ်ခဲ့ပါတယ်။ သင်္ကြန်ပြီးလို့ ဘန်ကောက်ကို ပြန်ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ကြွက်သားတွေ လှုပ်ရှားလို့မကောင်းပဲ မူမမှန်တာ၊ လက်ဖျားခြေဖျားတွေ အရမ်းအေးစက်နေတာတွေကို စတင်ခံစားလာရပါတယ်။ အဲဒါကြောင့် ဆေးရုံသွားပြခဲ့ပါတယ်။
 
ဆေးစစ်ချက်အဖြေထွက်လာတဲ့အခါမှာတော့ သူ့ရဲ့သွေးထဲမှာ ရောဂါပိုးကူးစက်ခံရမှုအခြေနေ အတော်လေးဆိုးနေတယ်လို့ သိလိုက်ရပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးကို တိုက်ဖျက်ပေးတဲ့ ခုခံအားစနစ်တွေ ကျလာသလို ကျောက်ကပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေလည်း ကျလာပါတယ်၊ ဒါ့အပြင် အသက်ရှုရခက်တဲ့ ဝေဒနာတွေကိုပါ တစ်ပြိုင်တည်း ခံစားနေရပါတယ်။
 
 
ဆရာဝန်တွေက ချက်ခြင်းကုသဖို့ ဆုံးဖြတ်ပေမယ့် နောက်ထပ် ၂၄ နာရီဟာ သူ့အတွက် သေရေးရှင်ရေးနဲ့ နပမ်းလုံးရမှာဖြစ်ပြီး ကုသမှုမအောင်မြင်ရင် အသက်အန္တရာယ်ပါရှိနေတယ်လို့ ဆိုပါတယ်။။ အဲဒီအချိန်မှာ သူ့ရဲ့ခြေထောက်ရဲ့ ဆဲလ်တွေ ရောဂါပိုးကြောင့် ဆိုးရွားစွာပျက်ဆီးနေပါပြီ။
 
 ခြေထောက်ဖြတ်ပစ်မှသာ အသက်ရှင်နိုင်မယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့တဲ့အတွက် ရွေးစရာလမ်းမရှိတော့ပဲ ခြေထောက် နှစ်ဖက်စလုံး ဖြတ်ပစ်ခဲ့ရပါတယ်။ ဒီအကြောင်းတွေကို ရုပ်သံအစီစဉ်မှာ သူကိုယ်တိုင် ပရိသတ်တွေကို ဝေမျှပြောဆိုခဲ့ပါတယ်။
 
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) ရဲ့ ညွှန်ကြားချက်မှာ ရောဂါပိုးဟာ အပူချိန် ၇၀ ဒီဂရီအောက် ချက်ပြုတ်တဲ့အစားအသောက်တွေကနေ ကူးစက်နိုင်သလို ဓါးရှရာ၊ ပွန်းပဲ့ရာတွေကနေလည်း ကူးစက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ကူးစက်ရောဂါပိုးဟာ ဝက်ရဲ့ အတွင်းကလီစာတွေမှာ အများဆုံးရှိနေတာမို့ ကြိုက်တတ်သူတွေအနေနဲ့ သေသေချာချာကျက်အောင် စနစ်တကျချက်ပြုတ်ပြီးမှ စားသောက်သင့်ပါတယ်။

10 Apr 2019     1,587 Views




RELATED

Most Popular of Special or Others

Most Popular of NEWS