BEC-TERO TV

ဟောင်ကောင်နဲ့ အာရှနိုင်ငံတွေမှာအသက်အာမခံခွင့်ပိတ်ခံရဖူးတယ်လို့ပြောလာတဲ့ ဂျက်ကီချန်း

12 Apr 2019     1,340 Views


လူစားမထိုးပဲ ကိုယ့်ကိုယ်ကိုအထိခိုက်ခံပြီး စတန့်ပြတဲ့မင်းသားကြီးကို ပြပါဆိုရင် ဂျက်ကီချန်းကို ပြရမှာပါပဲ။ လက်ရှိ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဂျက်ကီချန်းဟာ ယနေ့ထိတိုင် ပရိတ်သတ်အတွက် မညည်းမညူဇာတ်ကားတွေရိုက်ကူးလျက်ရှိနေတုန်းပါ။

တစ်ချိန်က Bruce Lee မင်းသားကြီးကိုအားကျခဲ့ရာက အက်ရှင်မင်းသား တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တာဖြစ်တယ်၊ သူဒီလိုအောင်မြင်နေရတာ Bruce Lee ရဲ့ ကျေးဇူးတွေအများကြီးပါတယ်လို့ပြောကြားထားပါတယ်။ ဂျက်ကီချန်းရဲ့ အက်ရှင်ကားဟာ ဘယ်တော့မှလူစားထိုးလေ့မရှိပဲ တိုက်ပေါ်ကခုန်ချရင်လဲ အမှန်တကယ် ခုန်ချတာမျိုးတွေလုပ်လေ့ရှိပါတယ်။

ဂျက်ကီချန်းက သူဒီလိုစွန့်စားတာတွေနဲ့ ပတ်သတ်ပြီး အင်တာဗျူးရင် အမြဲပြုံးပြီးဖြေလေ့ရှိပါတယ်။ “Rolling , Cut, Jump , Hospital” ဆိုပြီး ဖြေလေ့ရှိပါတယ်။ ဆိုလိုတာက သူတိုက်ပေါ်ကခုန်ချတာတို့၊ ကားတိုက်တဲ့အခန်းတို့ ရိုက်တဲ့အခါ အမှန်တကယ် လုပ်ရတာဖြစ်တဲ့အတွက် ဇာတ်ကားတစ်ကားရိုက်ပြီးတိုင်း ဆေးရုံတစ်ခါတက်ရလေ့ ရှိတာကိုပြောပြချင်တာဖြစ်ပါတယ်။

ဂျက်ကီချန်းဟာ ကမ္ဘာကျော် တီဗွီရှိုးတစ်ခုဖြစ်တဲ့ Ellen ရှိုးကိုသွားရောက်ခဲ့ရာက Ellen ရဲ့ မေးခွန်းတွေကိုဖြေခဲ့ပါတယ်။ ဂျက်ကီချန်းအနေနဲ့ ဒီလို အန္တရာယ်များတဲ့ အက်ရှင်စတန့်ခန်းတွေကို ကိုယ်တိုင်လုပ်ရတဲ့အခါမှာ အသက်အာမခံကုမ္ပဏီတွေနဲ့ ပြဿနာအနည်းငယ်ရှိလာပါတယ်။ ဇာတ်ကားတစ်ကားရိုက်ပြီးတိုင်း ထိခိုက်ဒဏ်ရာများလွန်းတဲ့အတွက် တစ်ကိုယ်လုံးမှာ ဒဏ်ရာမရဖူးတဲ့နေရာဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့် ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အသက်အာမခံကုမ္ပဏီတွေက ဂျက်ကီချန်းဆိုတဲ့ နာမည်ကြားတာနဲ့ ဝေးဝေးရှောင်ကြတယ်လို့ ဖြေကြားထားပါတယ်။ အာမခံ ကုမ္ပဏီတွေရဲ့ နံပါတ် တစ် ပိတ်ပင်ခံရသူကတော့ ဂျက်ကီချန်းဖြစ်ပြီး ဒုတိယကတော့ ဂျက်ကီချန်းရဲ့ စတန့်အဖွဲ့ဖြစ်တယ်လို့ Ellen ကိုရယ်မောရင်းပြောကြားခဲ့ပါတယ်။

ဘာမဆို မကြောက်မရွံ့နဲ့ စွန့်စားရဲတဲ့ဂျက်ကီချန်းကို Ellen က “ခင်ဗျားကို ကြည့်ရတာ ဘာကိုမှကြောက်တဲ့ပုံမပေါ်ဘူး ဒီကမ္ဘာမှာခင်ဗျားကြောက်တဲ့အရာရော ရှိသေးရဲ့လား ” ဆိုပြီးမေးမြန်းတဲ့အခါမှာတော့ ဂျက်ကီက “ကျွန်တော်အကြောက်ဆုံးအရာကတော့ အပ်ဗျ ရုပ်ရှင်တစ်ကားမရိုက်ခင် ကျွန်တော်က ကျန်းမာရေးအတွက်ဆေးစစ်၊ ဆေးထိုးတာမျိုးလုပ်ရတယ်၊ အဲ့ခါကျ ဆရာဝန်နဲ့တွေ့ရတဲ့အချိန် ဆေးထိုးရတဲ့အချိန်ကအကြောက်ဆုံးပဲ” လို့ ဖြေကြားသွားပါတယ်။ တိုက်ပေါ်က ခုန်ချရတာတို့၊ သစ်ပင်ပေါ် ခုန်တက်ရတာတို့ ကိုတောင် အလွယ်တကူ ထမင်းစားရေသောက်သဘောမျိုးလုပ်နိုင်တဲ့ ဂျက်ကီချန်း အကြောက်ဆုံးအရာက အပ်ဖြစ်တယ်ဆိုတော့ အံ့အားသင့်စရာပဲမဟုတ်လား ပရိသတ်ကြီးရေ ^^

(ပိုပိုလေး)


12 Apr 2019     1,340 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS