BEC-TERO TV

ငါးသိုင်းချောင်းကမြမြအကြောင်းကို ရုပ်ရှင်ရိုက်မယ်ဆိုတာ ပေါ်ပင်မဟုတ်ဘူးဆိုတဲ့ ညိုမင်းလွင်

25 Apr 2019     2,958 Views


လတ်တလော ဆိုရှယ်မီဒီယာတစ်ခွင်နဲ့ လူမှုကွန်ယက်သုံးစွဲသူတွေကြားထဲ လူစိတ်ဝင်စားမှုအများဆုံးနဲ့ နာမည်ကြီးနေတဲ့ သတင်းတစ်ခုကတော့ မြမြဆိုတဲ့သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဧပြီလ (၇) ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့က တောင်ဒဂုံမြို့နယ်မှာ ညနေခင်းအချိန် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်နေစဉ် အမျိုးသမီးတစ်ဦးကို မြမြဆိုတဲ့ ၀ိညာဉ်က၀င်ရောက်ပူးကပ်ခဲ့ပြီး ထိုအဖြစ်အပျက်ဗီဒီယိုက အွန်လိုင်းပေါ်မှာပျံ့နှံ့နေကာ လူတိုင်းကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ မြမြဆိုသူကတော့ ငါးသိုင်းချောင်းရွာသူတစ်ဦးဖြစ်ပြီး သင်္ကြန်အကြိုနေ့မှာ လူသုံးဦးရဲ့မုဒိန်းကျင့် သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး သူမရဲ့အလောင်းကိုဖျောက်ခြင်းခံခဲ့ရတယ်လို့ ၀ိညာဉ်ပူးကပ်ပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။

ထို့နောက် ဧပြီလ (၂၃) ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် ကျောက်စိမ်းဖိနပ်စက်ရုံးဝင်းအတွင်းရှိ အမျိုးသမီးဝန်ထမ်းတစ်ဦးကိုထပ်မံပူးကပ်ခဲ့ပြန်ပါတယ်။ မြမြရဲ့အဖြစ်အပျက်ကတော့ ယခုတလော လူတိုင်းရဲ့ပါးစပ်ဖျားမှာ ပြောစရာတစ်ခုဖြစ်နေသလို အမှုမှန်ပေါ်ပေါက်ဖို့အတွက်လည်း အားလုံးကစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ ထိုထဲတွင် ဒါရိုက်တာညိုမင်းလွင်လဲ တစ်ယောက်အပါအ၀င်ဖြစ်ပြီး ငါးသိုင်းချောင်းရွာက မြမြရဲ့အကြောင်းကို ရုပ်ရှင်ရိုက်ကူးမယ်လို့ မနေ့က ဧပြီလ (၂၄) ရက်နေ့က သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားကြေညာခဲ့ပါတယ်။ ဒါရိုက်တာညိုမင်းလွင်မှ မြမြအကြောင်းရုပ်ရှင်ရိုက်ကူးမယ်ဆိုတဲ့အတွက် တစ်ချို့သောသူတွေက ပေါ်ပင်လုပ်တယ်ဟုဆိုကာ ဝေဖန်မှုတွေလည်း အမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။ ထိုဝေဖန်မှုတွေ၊ မေးခွန်းတွေနဲ့ပတ်သက်ပြီး ညိုမင်းလွင်မှ မြမြအကြောင်းရိုက်ကူးမယ်ဆိုတာ ပေါ်ပင်လုပ်တာမဟုတ်ဘူးဆိုကာ ဘာ့ကြောင့်ရုပ်ရှင်ရိုက်ကူးချင်တာလဲဆိုတဲ့အကြောင်းကို လူမှုကွန်ယက်ကနေ ဖြေရှင်းလိုက်တာပဲဖြစ်ပါတယ်။

ဒါရိုက်တာညိုမင်းလွင် ဖြေရှင်းထားတာကတော့….

“မေးထားသမျှ.... Facebook ပေါ်ကအကြောင်းအရာတစ်ခုကို ရုပ်ရှင်ရိုက်ဖို့ဘာလို့စိတ်ဝင်စားခဲ့သလဲ ဆိုတော့ ရုပ်ရှင်ရိုက်ပြချင်လောက်အောင် ကျွန်တော့်ကိုဆွဲဆောင်နိုင်ခဲ့လို့ပါပဲ၊ စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုတွေ့ရင် Media သမားတစ်ယောက်က သတင်းအဖြစ်ရေးမယ်၊
စာရေးဆရာတစ်ယောက်ဆိုရင် ဝတ္ထုရေးမယ်၊ အပြင်လူတစ်ယောက်အနေနဲ့ဆိုရင် သူ့ရဲ့ Facebook မှာ သူ့အမြင်ကိုမှတ်ချက်ပေးပြီး share မယ်၊ လက်ဘက်ရည်ဆိုင်မှာအချင်းချင်းပြောကြမယ်၊
ကျွန်တော်က ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့အတွက်ရုပ်ရှင်အနေနဲ့ရိုက်ဖို့စဉ်းစားတယ်၊ ကိစ္စရပ်တစ်ခုကို ကိုယ်သန်သလို ပြန်ပြီးဖြန့်ဝေကြတယ်၊ ဒီသဘောပါပဲ၊ အရင်ကလည်း Rape လုပ်ပြီးအသတ်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို " ဇာတ်သိမ်းအထိမကြည့်နဲ့ " ဆိုတဲ့နာမည်နဲ့ရိုက်ခဲ့ဖူးပါတယ်၊ မုဒိန်းကျင့်တာကို ကွက်ကွက်ကွင်းကွင်းပြလို့ဆိုပြီး ဆင်ဆာနဲ့တောင်ရန်ဖြစ်ခဲ့ရပါသေးတယ်၊ တကယ်လို့သာ အဲဒီကားက အခုမှထွက်ရင် ကျွန်တော့်ကို ဒီအဖြစ်အပျက်ကိုခိုးတယ်လို့ဝေဖန်ကြဦးမှာပါ”


“ဆိုလိုတာက ဒီကိစ္စသည် စိတ်ဝင်စားစရာကောင်းတာမှန်ပေမယ့် အခုမှပထမဆုံးဖြစ်ဖူးတဲ့ အဖြစ်အပျက်မျိုးတော့မဟုတ်ပါဘူး၊ ထူးဆန်းတယ် ဆိုတဲ့ပေတံနဲ့တိုင်းရင် ကျွန်တော့်အတွက်တော့ Black Hole လောက် မထူးဆန်းနေပါဘူး၊ ဒီကိစ္စကိုရုပ်ရှင်ပြန်ရိုက်ဖို့စိတ်ကူးရတာသည်လည်း အဆန်းတကြယ်မဟုတ်နေပါဘူး၊ ရေပန်းစားနေတဲ့ကိစ္စအပေါ်မှာ လုပ်စားတာလား ဆိုရင်တော့ နိုးပါ၊ အခုချက်ချင်း ထ ရိုက်ရင်တောင် အနည်းဆုံး နောက်တစ်နှစ်လောက်ကြာပြီးမှပဲ ပရိသတ်ဆီရောက်မှာပါ၊ အဲဒီအချိန်လောက်မှာ မြမြလည်း ကျွတ်လွတ်ပြီး ဘဝတစ်ပါးကူးပြောင်းသွားလောက်ပါပြီ၊ Facebook ပေါ်မှာ အခုအတိုင်းဟော့နေပါမယ်လို့ ဘယ်သူမှ အာမ မခံထားပါဘူး၊ ပြီးတော့ Facebook ပေါ်မှာဟော့နေတိုင်း အပြင်မှာလာကြည့်မယ် လို့သေချာရင် ကျွန်တော် လူစာရင်း ချ ရေးပေးပါ့မယ်၊ ဘာဇာတ်လမ်းမှ မလိုတော့ပါဘူး၊ အဲဒီ casting အတိုင်း ရိုက်လိုက်ရုံပါပဲ”

“ပေါ်ပြူလာဖြစ်ချင်လို့လုပ်တယ် ဆိုရင်လည်း အဲဒီလိုလာပြောတဲ့သူကိုပဲ ပြန်ထိုင်ရယ်ချင်ပါတော့တယ်၊
ဓါတ်ပုံတွေမပါ ပါအောင်အတင်းလိုက်ထည့်ပြီး ဟန်ရေးတပြပြလုပ်နေတာမျိုးကို ကျွန်တော် တစ်သက်လုံးက မလုပ်ခဲ့ဖူးဘူးဗျ၊ အရှေ့ကခေတ်တစ်ခေတ်ကို အတူတူဖြတ်ခဲ့ကြတဲ့ ဆရာကြီးတွေကိုလည်း ကျွန်တော့်အကြောင်းမေးကြည့်လိုက်ဦး၊ အသစ်ဘဝမှာတောင် ကျွန်တော့်သတင်းလေးရေးပေးပါဦး လို့ တစ်ခါမှမပြောခဲ့ဖူးတာ ၊ဒီအချိန်မှာ မီဒီယာတွေရှေ့ထွက်ပြီး ညိုမြလုပ်ဖို့ဆိုတာ အဝေးကြီးပါ၊ နိုင်ငံရေးလှည့်ကွက် - အဲဒါကျွန်တော်မသိဘူးဗျ၊ ဒီကိစ္စက နိုင်ငံရေးလှည့်ကွက်ဟုတ်လား၊မဟုတ်လား ကျွန်တော့်ကိုလာမမေးနဲ့၊ တုံးတယ်ပြောပြော၊ညံ့တယ်ပြောပြော၊ ပိန်းတယ်ပြောပြော ကျွန်တော်တကယ်ကိုမသိတာ၊ ငယ်ငယ်ကတည်းက စစ်သားတွေကိုချစ်ပြီး စစ်ထဲဝင်ချင်ခဲ့ဖူးတာကလွဲရင် ကျန်တဲ့နိုင်ငံရေးရေချိန်မှာတော့ ကျွန်တော်က သာမာန်ပြည်သူတစ်ယောက် စိတ်ဝင်စားတာထက်မပိုပါဘူး၊”

“ဒီဇာတ်လမ်းကိုရိုက်ရင် မူပိုင်ခွင့် - အဲဒါက သက်ဆိုင်ရာက ထုတ်ပြန်တဲ့သတင်းအပေါ်မှာပဲ ဆက်စဉ်းစားရမှာပါ၊ ကာယကံရှင်မိသားစုကိုတွေ့လာခဲ့ရင် အဲဒီ မြမြဆိုတဲ့ အမျိုးသမီးလေးရဲ့မိသားစု ၊မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့၊ ပြီးတော့ တရားခံတွေ့လာခဲ့ရင် သူ့ဆီကပါ ခွင့်ပြုချက်ယူရမှာပါ ၊ သက်ဆိုင်ရာတရားရုံးကနေ အပြစ်ရှိကြောင်းမဆုံးဖြတ်သရွေ့ အမှုတစ်ခုကို လမ်း ကြောင်းပေးရာရောက်အောင် ကိုယ့်စိတ်ကြိုက်ဇာတ်လမ်းဆင်လို့မသင့်တော်ပါဘူး၊ တကယ်လို့ ကိုယ့်စိတ်ကြိုက်လုပ်မယ်ဆိုရင်လည်း ဒီအဖြစ်အပျက်ကနေစိတ်ကူးရခဲ့ပါကြောင်း၊ ကျန်တာက အဖြစ်မှန်မဟုတ်ကြောင်း ပြန်ပြီးဖော်ပြပေးရမယ့်ကျင့်ဝတ်အတိုင်းဆက်လုပ်မှာပါပဲ၊ ဒါပေမယ့် အဲဒါတွေပြောဖို့က စောနေပါသေးတယ်၊ စောသေးတယ်ဆိုရင် မင်း ဘာလို့အခုလို Facebook တင်လဲ ဆိုရင်တော့ ကျွန်တော်မတွေ့လိုက်မိပဲ ကျန်သွားတာမျိုးမဖြစ်ချင်လို့၊ ကျယ်ကျယ်ပြန့်ပြန့်သိသွားတာနဲ့အမျှ အများဆီက အမြင်နဲ့အချက်အလက်တွေကိုပါ ရလာနိုင်တယ် ဆိုတဲ့စိတ်ကူးနဲ့တင်လိုက်တာဗျ၊ အဲဒီစိတ်ကူးမှန် မမှန်ကတော့ လက်တွေ့ပဲ”

“ပရလောကကိုယုံလားဆိုရင်တော့ ယုံတယ်ဗျ၊ လောကကြီးမှာ ကိုယ့်မျက်စိနဲ့မမြင်ရပေမယ့် တကယ်ရှိနေတဲ့အရာတွေအများကြီးရှိနေတယ်လို့ ခိုင်ခိုင်မာမာယုံကြည်တယ်၊ ကိုယ်တိုင်ကြုံဖူးလားဆိုရင်တော့ အနည်းအကျဉ်းလောက်ပါပဲ၊ ဖတ်နေရတဲ့ comments တွေမှာတောင် ကျွန်တော်ကြုံဖူးတာထက် အများကြီးပိုတဲ့အကြောင်းအရာတွေရှိနေတဲ့အတွက် တကူးတက သတင်းလုပ်ပြီးပြောမနေတော့ပါဘူး၊ ဆိုတော့...ဒါ ကျွန်တော့်ကို မေးထားသမျှနဲ့မေးလာလတ္တံ့သော မေးခွန်းများပေါ့လေ၊ အားလုံးပေါင်းပြီး တခါတည်းအချိန်ပေးဖြေလိုက်ပါတယ်” ဆိုပြီး ဖြေရှင်းလိုက်တာဖြစ်ပါတယ်။

 

(ပိုပိုလေး)


25 Apr 2019     2,958 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS