BEC-TERO TV

စမတ်ဖုန်းကြောင့် မျက်စိပါဝါ ဒီဂရီ ၉၀၀ ကျော်ဝေဒနာခံစားနေရတဲ့ ၂ နှစ်သမီးလေး

10 Jun 2019     1,409 Views


မိသားစုအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့ ယနေ့ခေတ်မှာ မိဘအတော်များများက ကလေးငယ်လေးများကို ငြိမ်နေရင် ပြီးရောဆိုပြီး စမတ်ဖုန်းတွေ၊ တက်ဘလက်တွေပေးသုံးပြီး လွှတ်ထားတတ်ကြပါတယ်။ 
 
အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အခုလို စမတ်ဖုန်းတွေ ပေးသုံးတာက လတ်တလောမှာ ကလေးထိန်းရတာ သက်သာသလိုရှိပေမယ့် ကလေးအတွက်တော့ အမြင်အာရုံကို ဆိုးရွားစွာထိခိုက်စေနိုင်တယ်ဆိုတာကို သတိထားမိတဲ့သူ နည်းပါးပါတယ်။
 
China Times သတင်းမီဒီယာမှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာတော့ အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ မျက်စိအဝေးမှုန်နေတဲ့ ဝေဒနာခံစားနေရပြီး မျက်စိစစ်ကြည့်တဲ့အခါ မျက်လုံးပါဝါက ဒီဂရီ ၉၀၀ ရှိနေတာကို အားလုံးက အံ့သြထိတ်လန့်စွာတွေ့ခဲ့ရပါတယ်။
 
တရုတ်နိုင်ငံ ဂျန်ဆူးပြည်နယ်က အသက် ၂ နှစ်နဲ့ ၆ လအရွယ် “ရှောင်းမန်” ရဲ့ မိဘတွေဟာ သူမ အသက် ၁ နှစ်အရွယ်လောက်ထဲက ငြိမ်နေရင်ပြီးရောဆိုပြီး စမတ်ဖုန်း ပေးသုံးခဲ့ပါတယ်။ ဒီလိုနဲ့ စမတ်ဖုန်းကို နေ့စဉ် နာရီပေါင်းများစွာပေးသုံးခဲ့တာ တစ်နှစ်ကျော်ကြာလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကလေးရဲ့ မျက်စိဟာ စွေသလိုလို၊ မကြာခဏလဲ မျက်မှောင်ကြုတ်လာခဲ့ပါတယ်၊ ဒါပေမယ့် မိဘတွေကတော့ ဒါကို တစ်ဖြည်းဖြည်း အသက်ကြီးလာလို့ ပုံမှန်အတိုင်းဖွံ့ဖြိုးလာတာလို့ပဲ ထင်ခဲ့ပါတယ်။
 
 
တစ်ရက်မှာတော့ “ရှောင်းမန်” ရဲ့ မိဘတွေက ကလေးကို မျက်စိစမ်းမှဖြစ်မယ်ထင်တယ်လို့ ဆုံးဖြတ်ပြီး မျက်စိဆရာဝန်နဲ့ မျက်စိစစ်ခဲ့ရာ ကလေးက မျက်အဝေးမှုန် ဝေဒနာခံစားနေပြီး ပါဝါတိုင်းကြည့်ခဲ့ရာ ဒီဂရီ ၉၀၀ ရှိနေတယ်ဆိုတာ သိလိုက်ရတော့မှ မိဘနှစ်ပါးလုံး စိုးရိမ်သောကရောက်ခဲ့ကြရပါတယ်။
 
ကလေးရဲ့ အသက်အရွယ်နဲ့ ဒီလောက်ပါဝါကြီးဖြစ်နေတာ တော်တော် စိုးရိမ်စရာကောင်းတယ်” လို့ ဆရာဝန်က ပြောကြားခဲ့ပါတယ်။ “ရှောင်းမန်” လို အရမ်းငယ်ရွယ်သေးတဲ့ ကလေးတွေကို စမတ်ဖုန်းလိုမျိုး အီလက်ထရောနစ်ပစ္စည်းတွေ ပေးမသုံးသင့်ဘူးလို့ အကြံပြုပါတယ်။ အခုဆိုရင် “ရှောင်းမန်” ရဲ့ မျက်လုံးဟာ အရင်အတိုင်း ဘယ်လိုမှ ပြန်မကောင်းနိုင်တော့ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကလေးဟာ အသက်ကြီးလာတာနဲ့အမျှ သူ့ရဲ့ မျက်လုံး အဝေးပါဝါက ပိုဆိုးလာစရာရှိတယ်လို့ ဆိုပါတယ်။
 
 
အသက် ၃ နှစ်အောက် ကလေးတွေကို အီလက်ထရောနစ်ပစ္စည်းတွေ လုံးဝပေးမသုံးသင့်ပါဘူး။ အသက် ၃ နှစ်ကနေ ၆ နှစ်အရွယ် ကလေးတွေကို မဖြစ်လို့ ပေးသုံးရမယ်ဆိုရင်လည်း တစ်ရက်ကို နာရီဝက်ထက် ပိုကြာကြာ ပေးမသုံးသင့်ပါဘူး။ ဒါ့အပြင် မိဘတွေအနေနဲ့ ကလေးတွေရဲ့ အပြုအမူတွေကို အကဲခတ်ပြီး သူတို့ရဲ့ အမြင်အာရုံအခြေနေကို အမြဲစောင့်ကြည့်သင့်ပါတယ်။ မျက်စိပြသနာဖြစ်တဲ့ ကလေးတွေဟာ မကြာခဏ သူတို့ရဲ့မျက်လုံးကို ပွတ်ခြင်း၊ မျက်တောင်ပုတ်ခတ်ပုတ်ခတ် ခဏခဏလုပ်ခြင်း၊ မျက်စိစွေခြင်း၊ မျက်မှောင်ကြုတ်ခြင်းနဲ့ အလားတူအခြေအနေတွေ လုပ်တတ်ကြောင်း ဆရာဝန်တွေက မိဘတွေကို အကြံပြုတိုက်တွန်းထားပါတယ်။
 
အိမ်မှာရော ကိုယ့်ရဲ့ ကလေးငယ်တွေကို စမတ်ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ ငြိမ်နေရင်ပြီးရောဆိုပြီး လွှတ်ထားမိနေပြီလား..?

 


10 Jun 2019     1,409 Views




RELATED

Most Popular of Health Fix

Most Popular of NEWS