BEC-TERO TV

ကိုယ်ဝန်ဖျက်ချခံ ကလေးပေါင်များစွာကို မြေမြုတ်ပေးပြီး ရာနဲ့ချီ အသက်ကယ်တင်ထားသူ

03 Jul 2019     1,463 Views


ကမ္ဘာလောကကြီး တစ်ဖက်စောင်းနင်းမဖြစ်အောင် သဘာဝတရားကြီးက အမြဲပဲ့ကိုင်ပေးထားတယ်ဆိုတာအရမ်းမှန်တဲ့ စကားဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာကို မည်သည့် လူမှုအသိုင်းအဝိုင်းကမှ ထောက်ခံကြမည်မထင်ပါ။ 
 
ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးနဲ့ ရလာခဲ့တဲ့ ကိုယ်ဝန်ကို တာဝန်ယူလိုစိတ်၊ မိခင်စိတ်ကင်းမဲ့စွာ အမှိုက်တစလို လွယ်လွယ်နဲ့ ဖျက်ချနေတဲ့ မိခင်တွေရှိသလို ဒီလိုဖျက်ချခံလိုက်ရတဲ့ ကလေးလေးတွေကို စာနာသနားစိတ်အပြည့်နဲ့ ကောင်းကောင်းမွန်မွန် မြေမြုတ်သင်္ဂြိုလ်ပေးပြီး ဒီကလေးတွေထဲက အသက်ရှင်လျှက် ကျန်ခဲ့တဲ့ ကလေးတွေကို သားသမီးအရင်းအချာသဖွယ် ကြီးပြင်းအောင်စောင့်ရှောက်ပေးနေတဲ့ လေးစားစရာကောင်းတဲ့ ပရဟိတစိတ်ပြည့်ဝတဲ့ အမျိုးသားတစ်ဦးလည်း ရှိနေပါသေးတယ်။ (မှတ်ချက်။ ။ ကိုယ်ဝန်ဖျက်ချမှုမှာ အမျိုးသမီးများတွင်သာ အလုံးစုံတာဝန်ရှိသည်မဟုတ် ပက်သက်သူအမျိုးသားများတွင်ပါ အပြည့်အဝတာဝန်ရှိပါသည်)
 
 
ဗီယက်နမ်နိုင်ငံက “Tong Phuoc Phuc” ဆိုတဲ့ အမျိုးသားဟာ သူ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ဖျက်ချခံခဲ့ရတဲ့ ကိုယ်ဝန် သန္ဓေသားပေါင်း ၁၆,၀၀၀ ကျော်ကို သူကိုယ်တိုင် ကောင်ကောင်းမွန်မွန် မြေမြုတ်သင်္ဂြိုလ်ပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် သူဟာ သုဘရာဇာတစ်ယောက် မဟုတ်သလို ချမ်းသာကြွယ်ဝတဲ့သူလည်းမဟုတ်ပါဘူး။ 
 
သူဟာ သာမန် ဆောက်လုပ်ရေးလုပ်သားတစ်ဦးသာလျှင်ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က သူ့ရဲ့ဇနီးသည် ကိုယ်ဝန်ဆောင်လို့ ဆေးရုံတက်ရတဲ့အခါ ဆေးရုံပေါ်မှာ အခြားကိုယ်ဝန်ဆောင်တွေ အများကြီးကို သူတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီးတွေဟာ ဆေးရုံက ဆင်းသွားတဲ့အခါ သူတို့ကလေးတွေ မပါပဲ ဒီတိုင်းဆင်းသွားကြပါတယ်။ သူတို့ဟာ ဆေးရုံမှာ ကိုယ်ဝန်လာဖျက်ချတဲ့ အမျိုးသမီးတွေ ဆိုတာ သူနားလည်သွားပါတယ်။
 
 
ကိုယ်ဝန်ဖျက်ချတယ်ဆိုတာကို အရင်က နားနဲ့သာကြားဖူးခဲ့ပေမယ့် အခုလို မျက်စိရှေ့မှာ မျက်ဝါးထင်ထင်တွေ့လိုက်ရတော့ ဖျက်ချခံခဲ့ရတဲ့ ကလေးတွေအတွက် သူအရမ်းခံစားသွားရပါတယ်။ ဒါကြောင့်မို့ ဖျက်ချခံထားရတဲ့ ကလေးတွေရဲ့အလောင်းကို သူမြုတ်နှံပေးပါ့မယ်လို့ ခွင်တောင်းခဲ့ပါတယ်။ 
 
ကလေးတွေဟာ ဘုရားကပေးတဲ့ လက်ဆောင်ဖြစ်လို့ လူဖြစ်ခွင့်မရပေမယ့် အမှိုက်တစလို စွန့်ပစ်ခံရမယ့်အစား လူ့ဂုဏ်သိက္ခာနဲ့ လျှော်ညီစွာ ကျကျနနမြုတ်နှံမှုကိုတော့ ခံထိုက်တယ်လို့ သူ့အနေနဲ့ ခံစားခဲ့ရတာပါ။
 
သူစုဆောင်းထားတဲ့ ပိုက်ဆံလေးနဲ့ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Nha Trang ပြည်နယ်မှာရှိတဲ့ Hon Thom တောင်ထိပ်ပေါ်မှာ ကလေးတွေအတွက် သင်္ချိုင်းလေးလုပ်ဖို့ မြေနေရာဝယ်ယူခဲ့ပါတယ်။ အဲဒီနေရာလေးဟာ အလွန်ငြိမ်းချမ်းပြီး ရှုခင်းကောင်းတဲ့ နေရာလေးလည်းဖြစ်ပါတယ်။
 
သူ့ရဲ့လုပ်ရပ်ကို ထောက်ခံတဲ့ သူအချို့က သူနဲ့အတူ လုပ်အားပေးကူရင်း ဖျက်ချခံခဲ့ရတဲ့ ကလေးအလောင်းတွေကို သူ့ရဲ့ကိုယ်ပိုင် သင်္ချိုင်းလေးမှာ ကျကျနနမြုတ်နှံပေးဖို့ ဆေးရုံနဲ့ သဘောတူညီချက်ရယူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ထောင်နဲ့ချီတဲ့ ကလေးအလောင်းတွေကို မြေမြုတ်သင်္ဂြိုလ်ပေးခဲ့ရပါတယ်။ ၁၂ နှစ်ကြာ မငြီးမညူလုပ်ဆောင်ခဲ့ပြီး သူမြေနေရာဝယ်ယူခဲ့တဲ့ ကလေးသင်္ချိုင်း သုံးခုမှာ ကလေးအလောင်းပေါင်း ၁၆,၀၀၀ ကျော်ကို ကောင်းကောင်းမွန်မွန် မြုတ်နှံပေးခဲ့ပြီးဖြစ်ပါတယ်။
 
သူ့ရဲ့ပထမဦးဆုံး ကလေးသင်္ချိုင်းမှာ ကလေးအုပ်ဂူပေါင်း ၁၀,၀၀၀ ရှိပါတယ်။ ဒီနေရာလေးဟာ ကိုယ်ဝန်ဖျက်ချဖို့ ဟန်ပြင်နေတဲ့ မိခင်လောင်းတွေကို ဖျောင်းဖျနားချနိုင်မယ့် နေရာလေးတစ်ခု ဖြစ်လာဖို့လည်း သူရည်ရွယ်ထားခဲ့ပါတယ်။
 
“ကျွန်မသာ ဒီနေရာလေးကို ရောက်မလာဖြစ်ခဲ့ဖူးဆိုရင် ကိုယ်ဝန်ဖျက်ချမိခဲ့မှာ အမှန်ပဲ” လို့ Nhung Nguyen ဆိုသူအမျိုးသမီးက သူ့ဘေးနာမှာထိုင်နေတဲ့ သူ့သမီးလေးရဲ့ ခေါင်းလေးကို ပွတ်ရင်း Tong ကို ကျေးဇူးတင်ပါတယ်လို့ ဆိုပါတယ်။
 
“Tong Phuoc Phuc” ဟာ အခုလို ဖျက်ချခံရတဲ့ ကလေးတွေရဲ့ အလောင်းကို ဒိုင်ခံမြေမြုတ်ပေးနေရတာနဲ့တင် ဒီကလေးတွေအတွက် သူလုပ်နိုင်တာ ဒါပဲလားလို့ အမြဲပြန်စဉ်စားနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် သူချခဲ့ပါတယ်။
 
ဒါကတော့ ဆေးရုံမှာ ကိုယ်ဝန်ဖျက်ချမယ့် မိခင်တွေကို နှစ်သိမ့်ပြီး ဒီကလေးကို မဖျက်ချပဲ မွေးဖို့၊ အကယ်၍ မမွေးနိုင်ရင်လည်း သူ့ကိုစောင့်ရှောက်ခွင့်ပြုဖို့ ညှိနှိုင်းပြီး ကလေးတွေရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။
 
“ဦးလေး Tong က ကျွန်မကို လာတွေ့တယ်၊ ကိုယ်ဝန်မဖျက်ချဖို့ နားချတယ်၊ အကယ်၍ ကျွန်မမမွေးနိုင်ရင် သူကျွေးမွေးစောင့်ရှောက်မယ်လို့ ကတိပေးပါတယ်” လို့ Nhung Nguyen က ဆိုပါတယ်။
 
 
အခုဆိုရင် “Tong Phuoc Phuc” ဟာ သူ့ရဲ့ နေအိမ်ကို မိဘမဲ့ဂေဟာအဖြစ်ပြောင်းလဲပြီး ဖျက်ချခံရတော့မယ့်ဆဲဆဲ ကိုယ်ဝန်ဆောင်မိခင်တွေက မွေးထားတဲ့ ကလေးအယောက် ၂၀ ကို ပြုစုစောင့်ရှောက်နေပါတယ်။ နောက်ထပ် ကလေးအယောက် ၅၀ ကတော့ သူ့အိမ်နဲ့ ၄၃ မိုင်အကွာမှာရှိတဲ့ ဘုရားကျောင်းတစ်ခုက သူ့ကိုပူးပေါင်းကူညီတဲ့အနေနဲ့ တာဝန်ယူစောင့်ရှောက်ထားတာဖြစ်ပါတယ်။
 
“၂၀၀၄ ခုနှစ်ကဆိုရင် တစ်ရက်ကို သင်္ဂြိုလ်ပေးဖို့ရောက်လာတဲ့ ကလေးအလောင်းက ၃၀ လောက် နေ့တိုင်းပုံမှန်ရှိတယ်” လို့ ဟိုတုန်းက အကြောင်းကို ပြန်တွေးရင်း ‘ကလေးတို့ရေ၊ ငါတို့တောင်းပန်ပါတယ်ကွာ’ လို့ ဆွေးဆွေးမြေ့မြေ့လေး ပြောလိုက်ပါတယ်။ “အခုဆိုရင်တော့ ဘယ်ကလေးကိုမှ အဲဒီနေရာပို့ဖို့မလိုတော့ဘူး၊ ကျွန်တော် အရမ်းပျော်တယ်” လို့ ဆိုပါတယ်။
 
 
သူ့ရဲ့လုပ်ရပ်ကို ကြိုဆိုပြီး ကူညီဝိုင်းဝန်းတဲ့ အလှူရှင်တွေပေါ်ပေါက်လာကာ Nha Trang မြို့မှာ မိဘမဲ့ဂေဟာ ထူထောင်နိုင်ခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ ရာနဲ့ချီတဲ့ ကလေးတွေ ကိုယ်ဝန်ဖျက်ချခံရတော့မယ့် အခြေအနေကနေ လူဖြစ်ခွင့်ရခဲ့ပါတယ်။
 
ကျွန်တော် ဂေဟာက ကလေးတွေကို သားတို့သမီးတို့ အခုလို ဘာကြောင့်အသက်ရှင်နေနိုင်တာလည်းဆိုတာကို လူဘဝရဲ့တန်ဖိုး နားလည်နိုင်စေဖို့ ပြောပြပါတယ်” လို့ဆိုပါတယ်။
 
သူရဲကောင်းကြီးလို့ တင်စားရမယ့် Tong Phuoc Phuc က “ကျွန်တော်ဘဝတစ်ခုလုံးကို ဒီကလေးတွေဆီမှာပဲ မြုတ်နှံထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ စွန့်ပစ်ခံကလေးတွေအပေါ် ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ ကိုယ်ကျိုးစွန့် ကူညီခဲ့တဲ့ မှတ်တမ်းလေးကို ကြည့်ရှုကြပါဦး။
 

03 Jul 2019     1,463 Views




RELATED

Most Popular of Special or Others

Most Popular of NEWS