BEC-TERO TV

ကလေးများအတွက် Sex Education အကြောင်းပြောကြရအောင်

05 Jul 2019     2,183 Views


မြန်မာလူမျိုးတွေဟာ အင်မတန်မှ အရှက်အကြောက်ကြီးတဲ့ လူမျိုးဖြစ်ပါတယ်။ ‘Sex’ ဆိုတဲ့ စကားကိုပင် လူကြားထဲမှာမပြောနဲ့ အိမ်က မိသားစုနဲ့တောင် ပေါ်ပေါ်ပေါ်ထင်ထင် ပြောရဲကြသူများ မဟုတ်ပါ။ ဒီစကားဟာ လူကြားထဲမှာ အခါခါပြောရမယ့် မစကားမဟုတ်ပေမယ့်လည်း Sex (လိင်ပိုင်းဆိုင်ရာ) နဲ့ ပက်သက်တဲ့အကြောင်းကိုတော့ လူတိုင်း လက်တွေ့အမှန် သိထားဖို့လိုပါတယ်။
 
အရှက်အကြောက်ကြီးတဲ့ မြန်မာတွေဟာ မိသားစုတွေကြားမှာ Sex အကြောင်းကို လုံးဝ မပြောသလောက်ပါပဲ။ အချိန်တန်တော့ သူ့ဟာသူသိလိမ့်မပေါ့ ဒီကိစ္စတွေကို မိဘတွေက လိုက်ပြောရတယ်ဆိုတာ မသင့်တော်ဘူးလို့ ယူဆထားကြသူတွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကလေးက အခုမှငယ်ငယ်လေးရှိသေးတယ် ဒါသူနဲ့ဆိုင်တဲ့ အကြောင်းမဟုတ်ဘူးလို့ မှတ်ယူထားတဲ့ မိဘတွေ အများကြီး ရှိနေဆဲပါ။
 
တစ်ကယ်တော့ Sex Education လို့ ခေါ်တဲ့ လိင်ပညာပေးခြင်းဟာ မွေးကာစ လေးဘက်သွားအရွယ်ထဲက စပြီး ကလေးတွေ သိသင့်သိအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
 
Sex Education ဆိုတာ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ (အပေါ်ပိုင်း၊ အောက်ပိုင်း)လိင်အင်္ဂါတွေနဲ့ ပက်သက်လို့ ကျန်းမာရေးရှုထောင့်၊ ဖိုမဆက်ဆံရေး၊ စိတ်ခံစားမှု စတဲ့ အရာအားလုံးနဲ့ ဆက်စပ်ပြီး ဘယ်လိုအသုံးပြုရတယ်၊ ဘယ်လိုကာကွယ်ရတယ်၊ ဘယ်အရာကတော့ဖြင့် ဖုံးကွယ်ထားသင့်တယ် စသည်ဖြင့် အချက်အလက် ပြည့်ပြည့်စုံစုံကို ကလေးတွေရဲ့ အရွယ်အလိုက် အမြဲမပြတ် မိဘက သင်ကြားပေးခြင်းဖြစ်ပါတယ်။
 
ကလေးတွေဟာ သူတို့တွေရဲ့ လိင်အင်္ဂါအစိတ်အပိုင်းတွေနဲ့ပက်သက်ပြီး သိသင့်သိအပ်တာတွေကို သိထားတဲ့အခါ မသမာသူတွေရဲ့ လိမ်ညာပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အထိုက်အလျှောက် ကိုယ်တိုင် တားဆီးကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို Sex Education (လိင်ပညာပေး) သင်ကြားပေးဖို့ လိုအပ်လာပါတယ်။ ယနေ့လို ခေတ်မျိုးမှာ ပိုပြီးလိုအပ်လာပါတယ်။
 
မိဘတွေအနေနဲ့ ကလေးတွေကို ဖိုမလက္ခဏာနဲ့ မျိုးပွားမှုဖြစ်စဉ်အကြောင်း ပြောပြရာမှာ သူတို့နားလည်လွယ်တဲ့ အသုံးအနှုန်း ဥပမာလေးတွေနဲ့ ပြောပြဖို့လိုပါတယ်။ 
နောက်တစ်ချက်က တစ်ကြိမ်ထဲနဲ့ အားလုံးကို ရှင်းပြတာမျိုး မလုပ်ပါနဲ့။ ကလေးငယ်လေးတွေဟာ ဖိုမဆက်ဆံတဲ့ အပြုအမူတွေထက် ကိုယ်ဝန်ဆောင်တာနဲ့ ကလေးလေး မွေးလာတာတွေကို ပိုပြီး စိတ်ဝင်တစား စူးစမ်းလိုကြပါတယ်။
 
ကလေးရဲ့ အရွယ်အလိုက် ဘယ်လို Sex Education မျိုးကို  သင်ပေးရတယ်ဆိုတာ အရိုးရှင်းဆုံး ဖော်ပြပေးလိုက်ပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်စွမ်း၊ ဉာဏ်ရည် စတာတွေ မတူကြတဲ့အတွက် အောက်ဖော်ပြပါ အကြောင်းအရာက ကလေးတိုင်းနဲ့ ကွက်တိထပ်တူကျမည် မဟုတ်ပဲ အကြမ်းမျဉ်းအာဖြင့် အရေးကြီးတဲ့အချက်တွေကိုသာ လမ်းညွှန်ပေးခြင်းဖြစ်ကြောင်း ဦးစွာ အသိပေးလိုပါတယ်။
 
လေးဘက်သွားအရွယ် (၁၃ လ မှ ၂၄ လသား) ကလေးလေးတွေဟာ ၆ လသားလောက်ဆိုရင် မပီကလာ ပီကလာနဲ့ စကားစပြောဖို့ ကြိုးစားနေပါပြီ၊ အဲဒီအရွယ်ကနေ စကားစမ်းပြောလာရာ ၂ နှစ်သား လောက်ဆိုရင်တော့ ဝါကျတစ်ကြောင်းကို အပြည့်အစုံ ပြောနိုင်နေပါပြီ။ 
 
ဒီလိုအရွယ် ကလေးငယ်တွေကို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ဘယ်လို ခေါ်ဝေါ်တယ်ဆိုတာ စပြီး သင်ပေးသင့်ပါတယ်။ ဒီလိုသင်ပေးတဲ့အထဲမှာ လိင်အင်္ဂါတွေရဲ့ အခေါ်အဝေါ်ကိုပါ သင်ကြားပေးပါ။ 
 
အခါ်ဝေါ်တွေကို သင်ကြားပေးတဲ့နေရာမှာ ကလေးအတွက် သီးသန့်အခေါ်အဝေါ်တွေဖြစ်တဲ့ (ရွှေပန်း၊ ရှက်ရှက်၊  ဂျိူးကလေး) စတဲ့ ချစ်စရာအခေါ်အဝေါ်တွေထက် လိင်အင်္ဂါတွေရဲ့ အမည် အစစ်အမှန်ကို သင်ကြားပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ 
 
မြန်မာတွေကြားမှာတော့ ရှက်တဲ့စိတ်နဲ့ ရည်ညွှန်းကိုးကား သွယ်ဝိုက်ပြောရင်း လိင်အင်္ဂါ တစ်ခုထဲကိုပဲ အခေါ်အဝေါ်က မျိုးစုံလို့နေပါတယ်။ လိင်အင်္ဂါရဲ့ အမည်မှန်ကို သင်ကြားပေးခိုင်းတဲ့ ရည်ရွယ်ချက်ကတော့ ကျန်းမာရေးပြဿနာကြောင့်သော်၎င်း အနာတရဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရတာဖြစ်စေ ကလေးအနေနဲ့ အခေါ်အဝေါ် တိတိကျကျနဲ့ ပြန်ပြောနိုင်စေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။
 
လိင်အင်္ဂါတွေနဲ့ ပက်သက်ပြီး သင်ကြားပေးခြင်းဖြင့် ကလေးက ဒီလိုလိင်အင်္ဂါဟာ လူတိုင်းမှာရှိကြတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပါလားလို့ နားလည်း သဘောပေါက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်က လိင်အင်္ဂါတွေနဲ့ ပက်သက်ပြီး အကောင်းမြင်စိတ် ရှိလာပါလိမ့်မယ်။
 
များသောအားဖြင့် အသက် ၂ နှစ်အရွယ် ကလေးတွေဟာ ယောကျ်ားနဲ့ မိန်းမရဲ့ ကွဲပြားခြားနာမှုကို ခွဲခြားသိတတ်နေပါပြီ။ နောက်တစ်ခုက ယေဘုယျအားဖြင့် လိင်စိတ်ကွဲပြားမှုဟာ လိင်အင်္ဂါကွဲပြားမှုနဲ့ သက်မှတ်လို့ မရကြောင်းကိုပါ ပါးပါးလေး သင်ထားပေးဖို့ လိုပါတယ်။ ဆိုလိုတာက ယောကျာ်းအင်္ဂါနဲ့မို့ ယောကျ်ားဖြစ်တာ၊ မိန်းမအင်္ဂါနဲ့မို့ မိန်းမ စတဲ့ တရားသေအယူအဆမျိုးမဟုတ်ပဲ အခြားလိင်စိတ်ကွဲပြားမှုတွေရှိနေနိုင်ကြောင်း သဘောပေါက်အောင် ထိုက်သင့်သလောက် အစပျိုးသင်ကြားထားဖို့လိုပါတယ်။
 
အရေးအကြီးဆုံးက ကလေးငယ်တွေအနေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ တစ်ဦးတည်းဆိုင်(private)သာ ဖြစ်ကြောင်း သိထားဖို့လိုပါတယ်။ ကလေးငယ်လေးတွေဟာ အဝ်အစားတွေချွတ်ချပြီး ကိုယ်တုံးလုံးနဲ့နေတာ တစ်ခါတစ်ရံ သူတို့ရဲ့ လိင်အင်္ဂါကို သူတို့ကိုင်ကြည့်တာတွေက ပုံမှန်သဘာဝသာဖြစ်ပါတယ် ဒါပေမယ့် ဒီလို အပြုမူမျိုးကို ဘယ်လိုအချိန်တွေမှာတော့ မလုပ်သင့်ဘူးဆိုတာ သင်ပေးထားရပါမယ်။
 
အသက် ၂ နှစ်မှ ၄ နှစ်အရွယ် မူကြိုကျောင်းနေတဲ့အရွယ်ကလေးငယ်တွေအနေနဲ့ မျိုးပွားတဲ့ ဖြစ်စဉ်တွေဖြစ်တဲ့ သုတ်ပိုး နဲ့ အမဥတို့ တွေ့ချိန်မှာ သားအိမ်ထဲမှာ ကလေးလေးရလာတဲ့ အကြောင်းကို ရှင်းပြရင် နာလည်နိုင်စွမ်းရှိတဲ့ အရွယ်ဖြစ်နေပါပြီ။ 
 
ရှေးရိုးစွဲဆိုရင်တော့ ဒီအရွယ်လေးမှာ လင်ယူသားမွေးကိစ္စတွေပြောရမလားဆိုပြီး ပြောခံလိုက်ရမယ့်ဖြစ်ခြင်းပါ။ ဒါပေမယ့် ကလေးတွေရဲ့ အရွယ်နဲ့ သိမှုအစွမ်းပေါ်မူတည်ပြီး သူတို့လေးတွေကို ဘယ်လို မွေးလာတယ်ဆိုတာကို ပုံပြင်သဖွယ် နားထောင်လို့ကောင်းအောင် ပြောပြပြီး သင်ပေးလို့ရပါတယ်။ တစ်လက်စထဲမှာပဲ မိသားစုဆိုတာ ဒီလို ကလေးမွေးမှမဟုတ်ပဲ အခြားနည်းလမ်းတွေနဲ့လည်း ဖွဲ့တည်နိုင်ကြောင်း အသိလေးထည့်ပေးထားသင့်ပါတယ်။
 
တစ်ကြိမ်တစ်ခါထဲနဲ့တော့ အကုန်လုံးသင်ပေးဖို့ မကြိုးစားပါနဲ့ ကလေးငယ်လေးတွေဟာ ဖိုမဆက်ဆံမှုထက် ကိုယ်ဝန်ဆောင်ပြီးနဲ့ ဗိုက်ထဲမှာ ကလေးလေးဖြစ်လာတာကို ပိုပြီး စိတ်ဝင်စားကြပါတယ်။
 
သူတို့ရဲ့ခန္ဓာကိုယ်ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်ပြီး ဘယ်သူကမှ သူတို့ရဲ့ ခွင့်ပြုချက်မရပဲနဲ့ ထိတွေ့ကိုင်တွယ်ခွင့်မရှိဖူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားပါစေ။ အခြားသူတွေက သူတို့ကို ပုံမှန်အနေအထားနဲ့ ထိကိုင်နိုင်ပေမယ့် ပုံမှန်မဟုတ်ပဲ လိင်အင်္ဂါအစိတ်အပိုင်းတွေကို သူတို့ခွင့်မပြုပဲ ကိုင်ခွင့် ထိခွင့်မရှိဘူးဆိုတာ သင်ပေးထားပါ။ ခြွင်းချက်အနေနဲ့ မိဘ ဒါမှမဟုတ် ကျန်းမာရေးအရ စစ်ဆေးဖို့ လိုအပ်လာတဲ့အခါမှသာ ထိကိုင်ခွင့် ရှိတာကို နားလည်ထားပါစေ။
 
အခုလို ရှင်းရှင်းလင်းလင်း သိထားမှသာ တစ်ယောက်ယောက်က နည်းလမ်းမကျတဲ့ ပုံစံနဲ့ သူ့တို့ကို ထိတွေ့တဲ့အခါ (သို့) လိင်းပိုင်ဆိုင်ရာ ကျူးလွန်ခံရတဲ့အခါ မိဘအုပ်ထိန်းသူကို ပိုင်ပိုင်နိုင်နိုင် ပြန်လည် တိုင်ကြားမှာဖြစ်ပါတယ်။ ဒီလို သင်ကြားမှုတွေ မလုပ်ထားတဲ့အခါ ကလေးကိုယ်တိုင်က ဘာဖြစ်လို့ ဖြစ်မှန်းမသိပဲ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာပါလိမ့်မယ်။
 
အခုလိုအရွယ်မှာ ကလေးတွေကိုယ်၌ကလည်း တစ်ပါးသူကို ပွေ့ဖက်တာပဲဖြစ်ဖြစ်၊ ကလိထိုးတာပဲဖြစ်ဖြစ် ပုံမှန်ထက်ပိုတဲ့ ထိတွေ့မှုမျိုး လုပ်တော့မယ်ဆိုရင် ကာယကံရှင်ကို  ဦးစွာခွင့်တောင်းတတ်တဲ့ အလေ့အထမျိုးကို သင်ကြားပေးဖို့လိုပါတယ်။ အကယ်၍ တစ်ယောက်ယောက်က အဲဒီလို အထိမခံဘူးဆိုရင်လည်း သူ့ကိုလေးစားတဲ့အနေနဲ့ နောက်ထပ် သွားမလုပ်ဖို့ကိုလည်း သင်ပေးရပါမယ်။
 
နောက်တစ်ခုကတော့ ခန္ဓာကိုယ်ထိန်းသိမ်းမှုနဲ့ပက်သက်ပြီး သင်ပေးထားရပါမယ်။ ဘယ်အချိန်၊ ဘယ်နေရာတွေမှာ အဝတ်အစားမပါပဲ နေတာမျိုးကို မလုပ်သင့်ကြောင်း သင်ကြားပေးပါ။ ကလေးတွေအနေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ အဲဒါတွေရဲ့ အလုပ်လုပ်ပုံတွေကိုလည်း သိထားသင့်ပါတယ်။ 
 
ဥပမာ ဒီလိုအရွယ် ကလေးအများစုက မိန်းကလေးတွေဟာ ကျင်ကြီးနဲ့ ကျင်ငယ်ကို ဒီတစ်နေရာထဲကသွားတယ်လို့ ထင်နေတာမျိုး၊ ကလေးကို အစာချေတဲ့ အစာအိမ်ထဲကနေ မွေးတယ်လို့ထင်နေတာ စတာတွေကို အမှန်အတိုင်းသိအောင် ပြောပြသင့်ပါတယ်။
 
ကျောင်းနေအရွယ် (၅ နှစ် မှ ၈ နှစ်) ဒီအရွယ် ကလေးတွေအနေနဲ့ လူဆိုတာအမျိုးမျိုးရှိပြီး အချို့သူတွေဟာ လိင်ကွဲ ချစ်ကြိုက်သူ၊ အချို့က လိင်တူရော လိင်ကွဲပါ ချစ်ကြိုက်သူ၊ အချို့က လိင်တူချစ်ကြိုက်သူ စတဲ့ လိင်နဲ့ပက်သက်ပြီး အခုလိုကွဲပြားတာတွေ ရှိတယ်ဆိုတာကို သိဖို့အချိန်သင့်ပါပြီ။ လိင်အင်္ဂါ ကွဲပြားမှုဟာ လိင်စိတ်ကွဲပြားမှုကို မသတ်မှတ်နိုင်ကြောင်းကိုပါ သင်ထားပေးရပါမယ်။ ဒါမှသာ သူ့အတွက် အထူးအဆန်း ဖြစ်မနေမှာဖြစ်ပါတယ်။
 
ကလေးတွေအနေနဲ့ လူနေမှုပတ်ဝန်းကျင်မှာ အခြေခံအားဖြင့် လိုက်နာရမယ့် ကျင့်ဝတ်တွေကိုလည်း သိထားဖို့လိုပါတယ်။ ဒီအရွယ်ကလေးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို စတင်စူစမ်းတဲ့ အရွယ်ဖြစ်ပါတယ်။ ဒါဟာ ပုံမှန်သဘာဝဖြစ်ပေမယ့် တစ်ချို့ကိစ္စတွေကို လူမမြင်ကွယ်ရာ သီးသန့်မှာသာ ပြုလုပ်သင့်ကြောင်း သူတို့သိပါစေ။
 
ဖုန်းတွေ တက်ဘလက်တွေ ပေးသုံးတဲ့အခါမှာ စိတ်ချလုံခြုံမှုရှိအောင် ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးဖို့လိုပါတယ်။ အခြားတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ လွပ်လပ်ခွင့်တွေကို လေးစားဖို့ သင်ကြားရမှာဖြစ်သလို ကိုယ်မသိတဲ့သူတွေနဲ့ အွန်လိုင်းမှာ တွေ့ဆုံတဲ့အခါ ဓါတ်ပုံတွေကို အပြန်အလှန်ပေးပို့တာတွေကအစ ဘယ်အရာတွေကိုတော့ မပြောသင့် မပြသင့်ဆိုတာတွေကို သင်ကြားပေးရမှာဖြစ်ပါတယ်။
 
သူတို့ အပျိုဖော်ဝင်လာချိန်မှာ စိတ်ရဲ့ပြောင်းလဲမှုနဲ့အတူ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြောင်းလဲမှုကလည်း စတင်လာပါပြီ။ ဒီအခါမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ပက်သက်တဲ့ ကိုယ်ကိုယ်တိုင် ထိန်းသိမ်းရမယ့် အချက်တွေကို ပြောပြပါ သင်ပေးပါ။
 
ပျိုဖော်ဝင်ချိန် (၉ နှစ်မှ ၁၂ နှစ်) ဒီအသက်အရွယ်ရောက်ပြီဆိုရင်တော့ Sex Education နဲ့ ပက်သက်ပြီး အခြေခံ သိသင့်သိထိုက်တာတွေ အတော်များများ သိပြီးဖြစ်ပါတယ်။ အခုအရွယ်မှာတော့ အန္တရာယ်ကင်းကင်းနဲ့ လိင်ဆက်ဆံတဲ့အကြောင်းကို စတင်ဆွေးနွေး သင်ကြားပေးရတော့မှာဖြစ်ပါတယ်။
 
ဒါကြောင့်မို့ ဖိုမ လိင်ဆက်ဆံတဲ့အခါ ဖြစ်လာမယ့် အကျိုးဆက်တွေ၊ ကိုယ်ဝန်ဆောင်တာတွေအပြင် လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်းကိုပါ သင်ပေးရတော့မှာပါ။ နောက်တစ်ခုကတော့ အပျိုပေါက် လူပျိုပေါက်တိုင်း လိင်ဆက်ဆံရတာ မဟုတ်ကြောင်း နားလည်အောင် ရှင်းပြပါ။ 
 
ဒီအရွယ်ကလေးတွေအနေနဲ့ အင်တာနက်ကို လုံခြုံစိတ်ချစွာသုံးတတ်ဖို့၊ ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် အခြားသူတွေရဲ့ လိင်ပိုင်းဆိုင်ရာ ဓါတ်ပုံတွေကို ဝေမျှတာတွေ မလုပ်ဖို့ အသိစိတ်သွင်းပေးရမယ့်အချိန်ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နောင်ဖြစ်လာမယ် ဆိုးကျိုးဆက်တွေကိုပါ နားလည်အောင် ရှင်းပြပါ။
 
အပျို/လူပျိုပေါက် (၁၃ နှစ် မှ ၁၈ နှစ်) အပျို၊ လူပျိုတွေအနေနဲ့လည်း ဓမ္မတာလာတဲ့ ကိစ္စ၊ အိပ်ပျော်နေရင်း (အိပ်မက်ကြောင့်) အလိုလျှောက် သုတ်လွှတ်တဲ့ အကြောင်းအရာတွေနဲ့ ပက်သက်ပြီး ဒါတွေဟာ ပုံမှန်သာဖြစ်ကြောင်း သူတို့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေအားလုံးကို ပေးသိဖို့လိုပါတယ်။
 
လိင်ဆက်ဆံတဲ့အခါမှာ အန္တရာယ်ကင်းကင်းနဲ့ လုံခြုံစိတ်ချနိုင်တဲ့ နည်းလမ်းတွေကိုလည်း သူတို့အနေနဲ့ ကောင်းမွန်စွာ သိရှိနားလည်းဖို့ လိုပါတယ်။ ဒါ့အပြင် အရက်သောက်တာကအစ အန္တရာယ်မရှိအောင် ဘယ်လို ဆင်ခြင်ကာကွယ်ရမလဲဆိုတာ သိသင့်နေပါပြီ။
 
ဒါ့အပြင် ရည်းစားသနာ ထားရာမှာလည်း ဘယ်လိုအခြေအနေမျိုးဆိုရင်တော့ ဆက်တွဲသင့်တယ်၊ ဘယ်လိုမျိုးဆိုရင်တော့ လမ်းခွဲသင့်တယ် (healthy relationship နဲ့ unhealthy relationship) ကို သူတို့ကိုယ်တိုင် ခွဲခြားသိမြင်နိုင်အောင် သင်ကြားပေးပါ။
 
ဖော်ပြပါအချက်လက်တွေကတော့ မွေးကာစ ကလေးကနေ အပျိုပေါက်အရွယ်ထိ မိဘတွေအနေနဲ့ အဆင့်လိုက် အသက်အရွယ်အလိုက် ကလေးတွေကို ပေးသိသင့်တဲ့ လိင်အင်္ဂါဆိုင်ရာ Sex Education အကြမ်းမျဉ်း လမ်းညွှန်ဖြစ်ပါတယ်။ 
 
သေချာတာကတော့ ရှက်လို့ဆိုပြီး ကလေးတွေကို ဘာမှ သင်ကြားမပေးထားရင် အခုလို ပွင့်လင်းတဲ့ အင်တာနက်ခေတ်ကြီးမှာ ကလေးတွေ ကိုယ့်ဟာကိုယ်စမ်းတဝါးဝါးသင်ယူရင်း မဖြစ်သင့်တာတွေ မဖြစ်ကြစေဖို့ မိဘတွေအနေနဲ့ ခေတ်နဲ့ မလျှော်ညီတော့တဲ့ အယူအဆဟောင်းတွေကို စွန့်ပစ်ပြီး မိမိရဲ့သားသမီးလေးတွေ ဘေးကင်းလုံခြုံဖို့အတွက် ရှေ့တစ်လှမ်းလောက် ထွက်ခဲ့ကြပါလို့ အကြံပြုလိုက်ပါရစေ။
 
(ပိုပိုလေး)

05 Jul 2019     2,183 Views




RELATED

Most Popular of Special or Others

Most Popular of NEWS