BEC-TERO TV

စတီးပိုက်တံ မျက်လုံးမှတစ်ဆင့် ဦးနှောက်ထဲ ဖောက်ဝင်ကာ အမျိုးသမီးတစ်ဦး သေဆုံး

11 Jul 2019     1,425 Views


ကမ္ဘာကြီးဟာ တစ်နေ့တစ်ခြား ရာသီဥတုတွေ ဖောက်ပြန်လာနေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လူတွေကလည်း အဖက်ဖက်ကနေ စဉ်းစားပြီး လုပ်ဆောင်လာကြပါတယ်။ အဲဒီအထဲမှာ ပလပ်စတစ် သုံးဆွဲမှုလျော့ချရေးက ထိပ်ဆုံးမှာ ပါဝင်ပါတယ်။
 
တတ်နိုင်သလောက် ပလပ်စတစ်တွေနဲ့ လုပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အခြားပစ္စည်းတစ်ခုခုနဲ့ ပြန်အစားထိုးဖို့ စဉ်းစားလုပ်ဆောင်လာကြပါတယ်။ အဲဒီထဲမှာ အအေးသောက်တဲ့ ပလပ်စတစ်ပိုက်တံလေးတွေ နေရာမှာ ဘာနဲ့အစားထိုးနိုင်မလဲလို့လဲ စဉ်းစားလာကြပါတယ်။
 
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားကြတဲ့ နိုင်ငံတွေမှာ ဖျော်ရည်၊ အအေး သောက်တဲ့ ပိုက်လေးကို ပလပ်စတစ်ပိုက်အစား စတီးပိုက်လေးတွေ ပြောင်းလဲသုံးစွဲလာနေကြပါပြီ။
 
ပလပ်စတစ်နေရာမှာ စတီးပိုက်တံ အစားထိုးပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ပါဝင်ခဲ့သူတွေထဲက အမျိုးသမီးကြီးတစ်ဦးဟာ ကံမကောင်းအကြောင်းမလှစွာနဲ့  အသက်ပေးခဲ့ရပါတယ်။ စတီးပိုက်တံက သူ့မရဲ့ မျက်လုံးကို ထိုးစိုက်ပြီး ဦးနှောက်ထဲထိ ဖောက်ဝင်ကာ အသက်ဆုံးခဲ့တဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။
 
 
ယူကေက အသက် ၆၀ အရွယ် Elena Struthers ဆိုသူဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့က သူမရဲ့ ဘရော့ဒ်စတုန်းကျေးရွာက နေအိမ်မှာ စတီးပိုက်တံ ထိုးစိုက်ထားတဲ့ ဖန်ပုလင်းကို ကိုင်ရင်း လမ်းလျှောက်လာရာ ရုတ်တရက် မူးမေ့လဲကျပြီးနောက် စတီးပိုက်တံပေါ် သူမရဲ့ ဦးခေါင်း တည့်တည့်ကျသွားခဲ့ပါတယ်။ ၁၀ လက်မခန့်ရှိတဲ့ စတီးပိုက်တံဟာ သူမရဲ့ ဘယ်ဘက်မျက်လုံးကနေ ဖောက်ဝင်ပြီး ဦးနှောက်ထဲထိ စိုက်သွားခဲ့ပါတယ်။
 
 
သူမရဲ့အတူနေ အဖော်ဖြစ်သူက မီးဖိုခန်းထဲမှာ လဲကျနေတဲ့ သူမကိုတွေရှိပြီးနောက် ဆေးရုံတင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာတင် ဦးနှောက်မှာ ရခဲ့တဲ့ ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားကြောင်း ဆရာဝန်တွေက အတည်ပြုပေးခဲ့ပါတယ်။
 
Elena ဟာ မြင်းစီးလေ့ကျင်ပေးသူ ဂျော်ကီသမားဟောင်း ဖြစ်ပြီး သူမ အသက် ၂၁ နှစ်အရွယ်မှာ မြင်းပေါ်က လိမ့်ကျခဲ့တဲ့ဒဏ်ကြောင့် အရိုးတွေကျိုးခဲ့ပြီး ကျောရိုးမကြီး ထိခိုက်ခဲ့ရပါတယ်။ အဲဒီဒဏ်ရာဟောင်းကြောင့် မကြာခဏဆိုသလို အချိန်ခါမရွေး ရုတ်တရက် သတိလစ်လဲကျတတ်တဲ့ ရောဂါဖြစ်ခဲ့ပါတယ်။
 
ဒီတစ်ကြိမ်မှာလည်း တိုက်ဆိုင်စွာ စတီးပိုက်တံ တပ်ထားတဲ့ ဖန်ခွက်ကို ကိုင်ရင်း လမ်းလျှောက်လာစဉ် မေ့လဲကျခဲ့တာကြောင့် အသက်ပါပေးလိုက်ရတာဖြစ်ပါတယ်။
 
ဒါကြောင့်မို့ Elena ကဲ့သို့ အလားတူ ကျန်းမာရေးပြသနာ ရှိသူတွေအနေနဲ့ မိမိအတွက် အန္တရာယ်ရှိနိုင်တဲ့ အရာတွေကို သတိပြုဆင်ခြင်ပြီး ကိုင်တွယ်သုံးနိုင်ရန် သတင်းပေးလိုက်ရပါတယ်။
 

 


11 Jul 2019     1,425 Views




RELATED

Most Popular of Special or Others

Most Popular of NEWS