BEC-TERO TV

ကလေးကို မြွေဟောက်ရန်က ကာကွယ်ရင်း အသက်ပေးသွားတဲ့ ခွေးလေး (ရုပ်သံ)

24 Jul 2019     1,617 Views


ခွေးဆိုတာ လူတွေရဲ့ ထာဝရသစ္စာအရှိဆုံး မိတ်ဆွေတွေပါ။ တစ်လုပ်စားဖူးသူ့ကျေးဇူးဆိုတဲ့ စကားကို လူတွေကသာ ဖောက်ဖျက်ချင်ဖောက်ဖျက်မယ် ခွေးတွေကတော့ သူတို့ကို အစာကျွေးဖူးသူ ပြုစုစောင့်ရှောက်ဖူးသူကို တစ်သက်လုံး သစ္စာရှိရှိနဲ့ ခင်တွယ်သွားတတ်တဲ့ တိရိစ္ဆာန်လေးတွေဖြစ်ပါတယ်။
 
 
မိဘတွေမရှိခိုက် အိမ်ထဲမှာ အိပ်ပျော်နေတဲ့ အသက် ၂ နှစ်အရွယ်သမီးလေးကို မြွေဟောက်ရန်ကနေ ကာကွယ်ဖို့ အိမ်မှာမွေးထားတဲ့ ခွေးလေးနှစ်ကောင်က ခက်ခက်ခဲခဲ တိုက်ခိုက်ရင်း တစ်ကောင်က အသက်ပေးခဲ့ရပြီး တစ်ကောင်ကတော့ ဒုက္ခိတဘဝ ရောက်သွားခဲ့ပါတယ်။
 
 
ဖိလစ်ပိုင်နိုင်ငံ ကီဒါပါဝမ်မြို့က နေအိမ်တစ်အိမ်မှာ ခြံထဲကို ဝင်လာတဲ့ မြွေဟောက်တစ်ကောင်ကို နှစ်နှစ်သားအရွယ် ခွေးဖြူလေး Moxie က စတွေ့ခဲ့တာကြောင့် ထိုးဟောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အမဲရောင်ခွေးလေး Miley က ပြေးထွက်လာပြီး မြွေဟောက်ကို အိမ်ထဲမဝင်နိုင်အောင် တိုက်ခိုက်ပါတော့တယ်။ အိမ်ထဲမှာ သူတို့သခင်ရဲ့  ၂ နှစ်သမီးလေး Skye အိပ်ပျော်နေပါတယ်။
 
ခွေးလေး နှစ်ကောင်ဟာ မြွေဟောက်ကို ၂ မိနစ်ကျော်လောက် ခက်ခက်ခဲခဲတိုက်ခိုက်ပြီး နောက်ဆုံးမှာ မြွေဟောက်သေသွားပါတယ်။ ဒါပေမယ့် မိနစ်အပိုင်းအတွင်းမှာပဲ ခွေးမလေး Miley ဟာ မြွေဟောက်ကိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ အဆိပ်တက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ခွေးဖြူလေး Moxie က တော့ ကံကောင်းစွာနဲ့ မြွေကိုက်ခံခဲ့ရပေမယ့် အသက်မသေခဲ့ပါဘူး။
 
 
ဒီအဖြစ်ပျက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပျက်ခဲ့ပြီး ကလေးရဲ့ မိခင်နဲ့ ဖခင်ဖြစ်သူတို့ အလုပ်သွားချိန်မှာ ဖြစ်ခဲ့တာပါ။ အိမ်ပြန်ရောက်လာတဲ့အခါ အဖြစ်ပျက်အားလုံးကို အိမ်အကူဖြစ်သူက ပြန်ပြောပြပြီးတဲ့နောက် ခြံထဲမှာ တပ်ဆင်ထားတဲ့ စီစီတီဗီကို ပြန်ကြည့်ခဲ့ရာမှာ အောက်ပါအတိုင်း ရုပ်သံကို တွေ့ခဲ့ရပါတယ်။
 
 
သမီးလေး Skye ရဲ့ဖခင်၊ ခွေးပိုင်ရှင်ဖြစ်တဲ့ Jaime Selim က အဖြစ်ပျက်အားလုံးကို ကြည့်ပြီးတဲ့နောက်မှာ သေသွားတဲ့ ခွေးလေး Miley ကို ကျေးဇူးတင်မဆုံးဖြစ်ရပြီး အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
 
 
ခွေးလေး Moxie ကိုတော့ တိရိစ္ဆာန်ဆေးကုခန်း အမြန်ခေါ်သွားပြီး ဆေးကုသပေးနိုင်ခဲ့လို့ အသက်အသေခဲ့ပေမယ့် မြွေဆိပ်ကြောင့် ခွေးလေးရဲ့ မျက်လုံးတွေ ကွယ်သွားခဲ့ရပါတယ်။ သခင်အတွက်ဆိုရင် အသက်တောင်စွန့်ဝံ့တဲ့ အရမ်းသနာစရာကောင်းတဲ့ ခွေးလေးတွေကို စာနာညှာတာကြပါလို့ တိုက်တွန်းပါတယ်။

24 Jul 2019     1,617 Views




RELATED

Most Popular of Special or Others

Most Popular of NEWS