BEC-TERO TV

ဂတ်စ်အိုးပေါက်ကွဲပြီး လူကြီးတစ်ဦး ဒဏ်ရာရကာ အိမ်တစ်ခန်းလုံးပွင့်ထွက် (ရုပ်သံ)

19 Aug 2019     1,598 Views


မလေးရှားနိုင်ငံ ပီနန်မြို့ရှိ အထပ်မြင့် အိမ်ယာအဆောက်အဦးတစ်ခုရှိ ၆ လွှာတွင် ဂတ်စ်ယိုစိမ့်ကာ မီးလောင် ပေါက်ကွဲမှုကြောင့် အိမ်ခန်း၏ အတွင်းပိုင်းနှင့် နောက်ဖေးဘက်တစ်ခုလုံး ပွင့်ထွက်ပျက်ဆီးကာ အသက် ၆၂ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ခန္ဓာကိုယ်ရဲ့ ၈၀% မီးလောင်ကျွမ်း ဒဏ်ရာများ ရရှိခဲ့ပါတယ်။
 
 
အဆိုပါနေအိမ်တိုက်ခန်းတွင် အမျိုးသားကြီး၏ သား၊ ကိုယ်ဝန်သည်ဇနီးနှင့် အသက် ၅ နှစ်အရွယ် မြေးဖြစ်သူတို့ စုစုပေါင်း လေးဦး နေထိုင်ကြပါတယ်။ ထိုနေ့နံနက်ပိုင်းက အသက် ၆၂ နှစ်အရွယ် အမျိုးသားကြီးက ဆေးလိပ်သောက်ရန် မီးခြစ်ခြစ်လိုက်စဉ် မျက်တောင်တစ်ခပ်အတွင်းမှာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ကြောင်း China Press သတင်းတွင် ဖော်ပြထားသည်။
 
 
ပေါက်ကွဲမှုဖြစ်ချိန်တွင် ကံကောင်းထောက်မစွာနဲ့ သားဖြစ်သူနှင့် မိသားစုက တစ်ဘက်အခန်းထဲတွင် အိမ်ပျော်နေခဲ့ကြသဖြင့် ဒဏ်ရာအနာတရ မရခဲ့ကြပါ။ ပေါက်ကွဲသံကြီးကြောင့် သားဖြစ်သူ နိုးလာချိန်တွင် အခန်းနံရံကြီး ပြိုကျပျက်ဆီးနေတာကို တွေ့လိုက်ရပါတယ်။
 
 
ဧည့်ခန်းထဲသို့ ပြေးကြည့်ရာ ဖခင်ဖြစ်သူမှာ မီးလောင်ကျွမ်းဒဏ်ရာတွေနဲ့ အရေပြားတွေပါ ကွာကျနေတာကို တွေ့လိုက်ရပါတယ်။ ဧည့်ခန်းထဲက ပရိဘောဂပစ္စည်းများ၊ အဲယားကွန်းတို့ဟာ နံရံပွင့်ထွက် ပေါက်ကွဲမှုနဲ့အတူ တိုက်အောက်ကို လွှင့်စင်ပြုတ်ကျခဲ့ပါတယ်။
 
 
မီးသတ်ဌါန၏ စစ်ဆေးမှုအရ ဂက်စ်အိုး ယိုစိမ့်နေတာဖြစ်ပြီး အိမ်ထဲမှာ ဂက်စ်ငွေ့တွေ လွင့်ပျံ့နေစဉ် မီးခြစ်လိုက်တာကြောင့် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိခဲ့သူ အမျိုးသားကြီးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် တိုက်တစ်ခုလုံး သိမ့်သိမ့်တုံသွားကြောင်း အိမ်နီးချင်းများက ပြောကြားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ နံရံပွင့်ကျ ပြိုပျက်မှုမှာ အခြားမည်သူမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
 
 
မြန်မာပြည်မှာလဲ မီတာခတွေ တိုးမြှင့်ကောက်ခံလာသည့်အတွက် လျှပ်စစ်မီးအစား ဂက်စ်ကို ပြောင်းလဲသုံးဆွဲကြသူ များလာနေသည့်အတွက် မိမိတို့ရဲ့ ဂက်စ်အိုး လုံခြုံကြံ့ခိုင်ရေးနဲ့ အသုံးပြုပြီးပါက ပြန်ပိတ်ထားဖို့ကို သတိရှိရှိ သုံးဆွဲကြဖို့ လိုအပ်ပါသည်။

19 Aug 2019     1,598 Views




RELATED

Most Popular of Special or Others

Most Popular of NEWS