BEC-TERO TV

ဒိုင်လူကြီးတွေကို လိပ်ပြာလွင့်သွားစေတဲ့ မျက်လှည့်ပြကွက် (ရုပ်သံ)

26 Aug 2019     2,245 Views


မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Myanmar’s Got Talent ဆီမီးဖိုင်နယ်မှာ ပြိုင်ပွဲဝင် ‘Damien’ ပြသခဲ့တဲ့ ထူးခြားတဲ့ မျက်လှည့်ပြကွက်ဟာ ပရိသတ်တွေနဲ့ ဒိုင်လူကြီးတွေအားလုံးကို အံသြမှင်သက်မိသွားစေခဲ့ပါတယ်။
 
မျက်လှည့် ပြကွက် အစကနေ အဆုံးထိ စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်သွားနိုင်ခဲ့ပါပြီး အဆုံးသတ်ခါနီးမှာ လက်စွပ်တစ်ကွင်းကို ဒိုင်လူကြီး ဒါရိုက်တာမောင်သီ ရဲ့ ကုတ်အင်္ကျီအိတ်ထဲ ရောက်အောင် အဝေးကနေ မှော်အစွမ်းနဲ့ ပစ်ထည့်လိုက်တဲ့ ပြကွက်ကတော့ ‘ဦးသီ’ ကို လိပ်ပြာလွင့်သွားစေခဲ့ပါတယ်။ 
သူ့ရဲ့ ဘယ်ဘက်ရင်အုံကို စမ်းရင် ‘ဦးသီ’ ပြောလိုက်တာကတော့ “နောက်ဆိုရင် ငါ့ရဲ့လုံခြုံရေးကို ပိုပြီးဂရုစိုက်ရတော့မယ်” လို့ပဲဖြစ်ပါတယ်..
 
ဝါသနာအရ Myanmar’s Got Talent မှာ မျက်လှည့်နဲ့ လာရောက်ယှဉ်ပြိုင်နေတဲ့ ‘Damien’ ဟာ ကမ္ဘာ့ထိပ်တန်း မျက်လှည့်ဆရာတွေက၊ အပြန်အလှန်လေးစားရတဲ့ မြန်မာနိုင်ငံက မျက်လှည့်ဆရာ တစ်ယောက် ဖြစ်ပါတယ်။ Audition မှာကတည်းက ‘မို့မို့မြင့်အောင်’ ရဲ့ Golden Buzzer နဲ့အတူ ဆီမီးဖိုင်နယ်လ်ကို တိုက်ရိုက် ရောက်ရှိခဲ့ပါတယ်။
 
‘အံ့သြဖွယ်ရာညနေခင်း’ လို့ အမည်ပေးထားတဲ့ သူ့ရဲ့မျက်လှည့် အစပိုင်းမှာ စာရွက်အလွတ်ပေါ် သူကိုယ်တိုင် အရုပ်တစ်ခုရေးဆွဲလိုက်ပါတယ်၊ အဲဒီအရုပ်လေးက သက်ဝင်လှုပ်ရှားပြီး ပရိသတ်တွေကို စကားတွေနဲ့ မိတ်ဆက်တာကနေ စပြီး အားလုံးကို တစ်ဆင့်ခြင်း ဖမ်းစားနိုင်ခဲ့ပါတယ်။ 
မျက်လှည့်ပြတဲ့ ပြိုင်ပွဲဝင်တွေဆိုရင် မျက်စိဒေါက်ထောက်ပြီး ဘယ်နေရာများလစ်ဟာသွားမလဲဆိုတာ အမြဲစောင့်ဖမ်းတတ်တဲ့ ‘ကိုမောင်မောင်အေး’ တောင် ဟာကနဲ ဟင်ကနဲ ဖြစ်သွားအောင် ‘Damien’ က လှည့်စားနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီတဲ့ ပြကွက်ကို ကိုယ်တိုင်ကြည့်ရှုပေးပါဦး။
 
 
နောက်ဆုံးအဆုံးအဖြတ်မှာတော့ မျက်လှည့်ပညာရှင် ‘Damien’ က ပရိသတ် Voting အများဆုံးနဲ့ ဖိုင်နယ်လ်ကို ထိုက်ထိုက်တန်တန် ရောက်ရှိသွားခဲ့ပါပြီ။ 
Myanmar’s Got Talent အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီ MRTV 4 ချန်နယ်လ်ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

26 Aug 2019     2,245 Views




RELATED

Most Popular of Myanmar’s Got Talent

Most Popular of NEWS