BEC-TERO TV

၁၀ နှစ်သမီးလေးရဲ့ မင်္ဂလာဆောင်ရုပ်သံက တစ်ကမ္ဘာလုံးကိုရိုက်ခတ်

11 Sep 2019     1,790 Views


အီရန်နိုင်ငံက အသက် ၁၀ နှစ်အရွယ် မိန်းကလေးနဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတို့ရဲ့ မင်္ဂလာပွဲရုပ်သံဟာ အွန်လိုင်းပေါ်မှာ လတ်တလောပျံ့နှံ့လျှက်ရှိပြီး အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို သတို့သမီးအဖြစ် အိမ်ထောင်ချပေးနေကြတာနဲ့ ပက်သက်ပြီး ဝိုင်းဝန်းဝေဖန်ခံနေရပါတယ်။
 
 
အီရန်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး ‘Masih Alinejad’ က သူမရဲ့ ကွန်မန့်တွေနဲ့အတူ ဒီရုပ်သံကို အွန်လိုင်းပေါ်တင်ခဲ့တာဖြစ်ပါတယ်။ 
 
၁၀ နှစ်သမီးလေးရဲ့ မင်္ဂလာပွဲရုပ်သံကို ကြည့်ပြီးတဲ့အခါ သူမ ငိုခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုလိုအသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို အိမ်ထောင်ချပေးနေတာနဲ့ ပက်သက်ပြီး တစ်ခုခုလုပ်မှဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီးနောက် ကမ္ဘာကသိအောင် အွန်လိုင်းပေါ်မှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
 
အဆိုပါရုပ်သံပျံ့နှံ့ခဲ့ပြီးနောက် ဒီရုပ်သံကို ထပ်ဖြန့်နေသူတွေကို အရေးယူဖို့ အီရန်အစိုးရက စုံစမ်းရှာဖွေနေပါတယ်။ အီရန်အစိုးရရဲ့ လုပ်ရပ်ဟာ ရုပ်သံဖြန့်ဝေသူတွေကပဲ ရာဇဝတ်မှုကျူးလွန်နေသလို ထင်ဟပ်စေပြီး ဒီကိစ္စတွေကို လူသိမခံချင်ဘူးလို့ ‘Masih Alinejad’ က ဆိုပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အီရန်အစိုးရဟာ အရွယ်မရောက်သေးတဲ့ ကလေးသတို့သမီးတွေကိစ္စကို အရေးမစိုက်ဘူးဆိုတာ သိသာတယ်လို့ ဆိုပါတယ်။
 
အီရန်နိုင်ငံမှာ ရှာရီယာဥပဒေအရ အသက် ၁၃ နှစ်ဆိုရင် တရားဝင်လက်ထပ်နိုင်တယ်လို့ ပြဌါန်းထားပါတယ်။ ဒါပေမယ့် မိဘအုပ်ထိန်းသူနဲ့ တရားရုံးက တရားသူကြီးတို့က သဘောတူခွင့်ပြုတယ်ဆိုရင် ဒီထက်ငယ်တဲ့ အသက်အရွယ်မှာလည်း အိမ်ထောင်ချပေးခွင့်ရှိနေပြန်ပါတယ်။
 
ကလေးငယ်တွေကို အိမ်ထောင်ချပေးနေတာဟာ အီရန်နိုင်ငံမှာတော့ မထူးဆန်းတော့တဲ့ ရိုးရာအလေ့လို ဖြစ်နေပါတယ်။ အီရန်ကျန်းမာရေးဝန်ကြီးဌါနရဲ့ အထောက်အထားတွေအရ ၂၀၁၈ တစ်နှစ်ထဲမှာ အသက် ၁၈ နှစ်အောက် မိန်းကလေးတွေ တရားဝင်လပ်ထပ်မှုပေါင်း ၁၅၀,၀၀၀ လောက်ရှိနေပါတယ်။ 
အဲဒီထဲက ၄၅,၀၀၀ ဝန်းကျင်ဟာ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်အရွယ် မိန်းကလေးတွေဖြစ်ကြောင်း အီရန်ပါလီမန်သတင်းထုတ်ပြန်ရေးရုံးကနေ သိရပါတယ်။
 
ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ တရားမဝင်လက်ထပ်မှု ထောင်ပေါင်းများစွာရှိတယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ များသောအားဖြင့် ဆင်းရဲပြီး မိသားစုဝင်များတဲ့ အသိုင်းအဝိုင်းကဖြစ်ကာ ငွေကြေး၊ နေရာထိုင်ခင်း စတဲ့ လိုအပ်ချက်တွေကြောင့် မိဘတွေက လဲလှယ်တဲ့သဘောနဲ့ ပေးစားကြတာတွေ ဖြစ်ပါတယ်။
 
‘Masih Alinejad’ ကတော့ အီရန်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ အိမ်ထောင်ပြုနေရတာဟာ အမျိုးသမီးတွေအတွက် ကပ်ဆိုးကြီး ဆိုက်နေတာဖြစ်ပြီး ဒါဟာ ကလေးသူငယ်ညှင်းပမ်း ဥပဒေတွေအရ အကျုံးဝင်နေတယ်လို့ ကမ္ဘာကသိအောင် ချပြခဲ့ပါတယ်။
 
 
 
မိန်းကလေးတွေ အသက်မပြည့်သေးပဲ အိမ်ထောင်ချထားခံနေရတာဟာ အီရန်နိုင်ငံ တစ်ခုထဲတင်မဟုတ်ပါဘူး။ အိန္ဒိယ၊ ဆူဒန်၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှားတို့ အပါအဝင် ကမ္ဘာအနှံ့အပြားက အခြားနိုင်ငံတွေမှာလည်း ရှိနေဆဲဖြစ်ပါတယ်။
 
ယူအန်ရဲ့စစ်တမ်းအရ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ မိန်းကလေးပေါင်း ၃၇,၀၀၀ လောက် နေ့စဉ်အိမ်ထောင်ချပေးခံနေရတယ်လို့ သိရပါတယ်။
 
 
Rfe:DW
 

11 Sep 2019     1,790 Views




RELATED

Most Popular of International News

Most Popular of NEWS