BEC-TERO TV

အမဲအစက်ပျောက် ခရင်မ်ကြောင့် အမျိုးသမီးတစ်ဦး မာကျူရီအဆိပ်သင့်

12 Sep 2019     1,749 Views


ပါးရေနားရေတွန့်ခြင်းနဲ့ အရေးအကြောင်းများ၊ အမဲစက်များ သက်သာပျောက်ကင်းစေသည့် မျက်နှာလိမ်း ခရင်မ်တစ်မျိုးကို သုံးစွဲပြီးနောက် အဆိပ်သင့်ကာ သတိရတစ်ချက် မရတစ်ချက် အခြေအနေဖြင့် အမျိုးသမီးတစ်ဦး ဆေးရုံတင်ထားရကြောင်း အမေရိကန်နိုင်ငံ ဆာခရမ်မန်နိုကောင်တီ ကျန်းမာရေးဌါမှ သတင်းထုတ်ပြန်ခဲ့သည်။
 
 
အမည်ဖော်ပြထားခြင်းမရှိသော လူနာအမျိုးသမီးမှာ မက္ကစီကိုနိုင်ငံမှ တရားမဝင်တင်သွင်းလာသော Pond’s အမှတ်တံဆိပ်ပါ အရေးအကြောင်းပျောက် ခရင်မ်ကို ဝယ်ယူသုံးစွဲခဲ့ပါတယ်။ “ဆာခရမ်မန်နိုကောင်တီ” ကျန်းမာရေးဌါနရဲ့ ထုတ်ပြန်ချက်မှာတော့ အဆိုပါခရင်မှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ‘မတ်သယ်မာကျူရီ(methylmercury)’ ဓါတုပစ္စည်း ပါဝင်နေတာကို တွေ့ရပြီး အဲဒီဓါတ်က အရေပြားကနေတစ်ဆင့် သွေးကြောထဲသို့စိမ့်ဝင်ကာ ခန္ဓာကိုယ်မှာပျံ့နှံ့ပြီး အဆိပ်သင့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
 
‘မတ်သယ်မာကျူရီ’ ဟာ မီးချောင်းတွေ၊ ဘတ်ထရီတွေမှာ ထည့်သွင်းတတ်တဲ့ အဆိပ်သင့် အရည်တစ်မျိုးဖြစ်ပြီး လူကိုအန္တရာယ်ရှိပါတယ်။
 
 
တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးပြီးနောက်မှာ အဆိုပါ အဆိပ်အတောက်ဖြစ်စေတဲ့ ‘မတ်သယ်မာကျူရီ’ ကို မူရင်း Pond’s အမှတ်တံဆိပ်က ထည့်သွင်း ထုတ်လုပ်ထားခြင်းမဟုတ်ပဲ တစ်ဆင့်ပြန်လည်ဝယ်ယူသူက ထည့်သွင်းပြီးမှ တစ်ဖန်ပြန်လည်ရောင်းချခဲ့တာဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။
 
ယခုလို အသားအရေလိမ်းခရင်မ်ကနေ ‘မတ်သယ်မာကျူရီ’ အဆိပ်သင့်တဲ့ ဖြစ်စဉ်ဟာ အမေရိကန်နိုင်ငံမှာ ပထမဦးဆုံးအမှုလည်းဖြစ်ပါတယ်။ “ဆာခရမ်မန်နိုကောင်တီ” ကျန်းမာရေးဌါနက မက္ကစီကိုနိုင်ငံမှ တင်သွင်းလာတဲ့ အလားတူ ခရင်မ်တွေကို မသုံးစွဲကြဖို့ ပြည်သူတွေကို နှိုးဆော်ထားပါတယ်။
 
ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ လွန်ခဲ့တဲ့ ၉ နှစ်အတွင်း နိုင်ငံခြားမှတင်သွင်းတဲ့ ခရင်မ်၊ အမှတ်တံဆိပ်မပါတဲ့ အသားအရေလိမ်းခရင်မ်တွေကနေ အဆိပ်သင့်မှုပေါင်း ၆၀ ကျော်ရှိကြောင်း DailyMail သတင်းတွင် ဖော်ပြပါရှိသည်။

 


12 Sep 2019     1,749 Views




RELATED

Most Popular of International News

Most Popular of NEWS