BEC-TERO TV

ဘဏ်အပ်ငွေတွေကို ခိုးပြီး အိမ်တွေကားတွေ ဝယ်တဲ့ ဘဏ်ဝန်ထမ်းဖမ်းမိ

18 Sep 2019     1,384 Views


ထိုင်းနိုင်ငံမှာရှိတဲ့ ဘဏ်ခွဲတစ်ခုက ဝန်ထမ်းအမျိုးသမီးဟာ ငွေစုသူတွေရဲ့ ပိုက်ဆံတွေကို အလစ်မှာ ခိုးယူခဲ့တာကို လျို့ဝှက်ကင်မရာနဲ့ ထောင်ဖမ်းရာကနေ လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့ပါတယ်။
 
ရုပ်သံမှာ စီစီတီဗီ မော်နီတာများထားရာ အခန်းထဲကို ဘဏ်ဝန်ထမ်းအမျိုးသမီးက ပိုက်ဆါတွေထည့်ထားတဲ့ စကာအဝါရောင်လေးကိုင်ပြီး ဝင်လာခဲ့ပါတယ်။ အဲဒီနောက် ဟိုကြည့်သည်ကြည့် ကြည့်ပြီး စကာထဲကနေ ပိုက်ဆံအချို့ကို နှိုက်ယူကာ သူ့ရဲ့ ကုတ်အင်္ကျီဘေးအိတ်ထဲကို ထည့်လိုက်ပြီး အခြားတံခါးပေါက် တစ်ခုကနေ ပြန်ထွက်သွားခဲ့တာဖြစ်ပါတယ်။
 
 
ဒီအမျိုးသမီးဝန်ထမ်းကို အခြားဝန်ထမ်းတွေအပြင် ဘဏ်မန်နေဂျာကပါ မသင်္ကာဖြစ်နေတာ ကြာပြီဖြစ်ပါတယ်။ ဒါပေမယ့် လက်ပူးလက်ကြပ် မဖမ်းနိုင်ခဲ့တဲ့အတွက် အပြစ်ပေးလို့ မရခဲ့ပါဘူး။ သူမဟာ ဘဏ်မှာ အလုပ်ဝင်ခဲ့တဲ့ တစ်နှစ်အတွင်း အိမ်အသစ် ကားအသစ်တွေ ဝယ်နိုင်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာတော့ ဝန်ထမ်းတစ်ယောက်က အကြောင်းမရှိပဲနဲ့ သူမလှစ်ကနဲ ဝင်သွားနေကျ အခန်းထဲမှာ လျို့ဝှက်ကင်မရာတစ်လုံး ဆင်ထားခဲ့ပါတယ်။ အဲဒီကင်မရာကနေ သူမကို လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
 
အမျိုးသမီးဟာ ဘဏ်မှာ ငွေလာအပ်သူတွေရဲ့ ပိုက်ဆံတွေကို ရေတွက်ဖို့ ယူသွားခဲ့ပြီးနောက် လူအလစ်မှာ စီစီတီဗီ မတပ်ထားတဲ့ အခန်းထဲကို လှစ်ကနဲဝင် ပိုက်ဆံတွေနှိုက်ပြီးမှ အမြဲတမ်းခိုးယူခဲ့တာဖြစ်ပါတယ်။ ဘဏ်မှာ ငွေလာအပ်ပြီး သူတို့ရဲ့ပိုက်ဆံ ဘယ်လောက်မှန်းမသေချာတဲ့ သူတွေက သူမရဲ့ သားကောင်တွေ ဖြစ်ပါတယ်။
 
 
ကင်မရာမှာ လက်ပူးလက်ကြပ်ဖမ်းနိုင်ခဲ့ပြီးနောက် အမျိုးသမီးကို အလုပ်မှ ထုတ်လိုက်ပြီဖြစ်ကြောင်း ဘဏ်ခွဲမန်နေဂျာက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရဲတွေကတော့ ဒီအမှုကို ဆက်လက်ကိုင်တွယ်သွားမှာဖြစ်ပြီး ဘဏ်ဝန်ထမ်းအချို့နဲ့ ဘဏ်မန်နေဂျာတို့ကိုပါ ရဲအဖွဲ့က သံသယရှိနေပါတယ်။
 

18 Sep 2019     1,384 Views




RELATED

Most Popular of International News

Most Popular of NEWS