BEC-TERO TV

“အိုဘားမား” တောင် နိုဗယ်လ်ဆုရရင် သူလည်းရသင့်တယ်ဆိုတဲ့ “ဒေါ်နယ်ထရမ့်”

25 Sep 2019     1,420 Views


နိုဗယ်လ်ဆုပေးတဲ့စနစ်က သူဆုမရအောင် ရည်ရွယ်ချက်ရှိရှိ တမင်အကွက်ဆင်ထားတဲ့အတွက် သူ နိုဗယ်လ်ဆု မရသေးတာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က လတ်တလောမှာ မကျေမနပ်နဲ့ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
 
ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ နယူးရော့ခ်မှာရှိတဲ့ ယူနိုက်တက်နေးရှင်းဌါနချုပ်ကို အသွားမှာ ‘ထရမ့်’ က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ သူပြောခဲ့တဲ့ စကားတွေထဲမှာတော့ သူဟာ အလွန်တရာမှ သမာသမတ်ရှိတဲ့သူဖြစ်ပြီး သူလုပ်ဆောင်ခဲ့တဲ့ ကိစ္စတော်တော်များများဟာ နိုဗလ်ဆုနဲ့ ထိုက်တန်တဲ့ အရာတွေချည်းပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုဗယ်လ်ဆု ရွေးချယ်တဲ့ပုံစံက တရားမျှတမှုမရှိဘူးလို့ ဆိုပါတယ်။
 
 
ဒါ့အပြင် ယခင်သမ္မတဟောင်း ‘ဘားရက်အိုဘားမား’ တောင် နိုဗလ်ဆုရခဲ့သေးရင် သူလည်း နိုဗလ်ဆု ရသင့်တယ်လို့ဆိုပါတယ်။ ‘အိုဘားမား’ ကို ဘာဖြစ်လို့ နိုဗလ်ဆုပေးရတာလဲဆိုတာ သူ့အနေနဲ့ စဉ်းစားလို့တောင်မရဘူးလို့ ပြောဆိုခဲ့ပြီး ‘အိုဘားမား’ ရဲ့ လုပ်ရပ်တွေထဲမှာ သူသဘောတူတာ တစ်ခုပဲရှိခဲ့တယ်လို့ ဆိုပါတယ်။
 
 
သမ္မတဟောင်း ‘ဘားရက်အိုဘားမား’ ဟာ နိုင်ငံတစ်ကာ သံတမန်ရေးနဲ့ လူထုတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုရှိလာအောင် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့တဲ့အတွက် ၂၀၀၉ ခုနှစ်မှာ နိုဗလ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
 
သမ္မတဒေါ်နယ်ထရမ့် ရဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကာလ လှုပ်ရှားမှုတွေမှာ ရေပန်းစားခဲ့တဲ့ “အမေရိကန်နိုင်ငံကို ကြီးမြတ်အောင် တဖန်ပြန်လုပ်မယ်” ဆိုတဲ့ ဆောင်ပုဒ်ဟာ အခုအချိန်မှာတော့ အမုန်းတရား၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ မျိုးချစ်စိတ်ဓာတ်ကို လွဲမှားစွာဖော်ကျူးတဲ့ ပြယုခ်တွေအဖြစ်သာ ပြည်သူတွေရဲ့ အသိမှတ်ပြုခြင်း ခံလိုက်ရပါတယ်။
 
လက်တလောမှာတော့ အခြားနိုင်ငံတွေကနေ နယ်စပ်ဖြတ်ကျော် ပြောင်းရွေ့လာသူ ၅၀,၀၀၀ ခန့်ကို အမေရိကန်ပြည်အနှံ့မှာရှိတဲ့ ထောင်ပေါင်း ၂၀၀ ကျော်မှာ ထိန်းသိမ်းထားပါတယ်။ ဒါ့အပြင် ထိန်းသိမ်းခံ ကလေးငယ်တွေနဲ့ မိဘတွေဟာ တကွဲတပြားစီဖြစ်နေတာကြောင့် လူသားမဆန်တဲ့လုပ်ရပ်အဖြစ် ရှုမြင်နေကြပါတယ်။
 
တိုင်ပြည်တွင်းမှာ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့် သူ့ရဲ့လုပ်ရပ်တွေဟာ နိုဗလ်ဆုနဲ့ ထိုက်တန်တယ်လို့ ဒေါ်နယ်ထရမ့် က အခိုင်အမာယုံကြည်နေတာဖြစ်ကြောင်း The Independent သတင်းမှာ ဖော်ပြထားပါတယ်။

25 Sep 2019     1,420 Views




RELATED

Most Popular of International News

Most Popular of NEWS