BEC-TERO TV

ကိုယ်ဝန်ဆောင်မိခင်လောင်းတို့အတွက် ဘေးအကင်းဆုံး အိပ်စက်နည်းများ

02 Oct 2019     5,133 Views


လူတစ်ယောက်နဲ့တစ်ယောက် အိပ်စက်ကြတဲ့ပုံစံခြင်း မတူတတ်ကြပါဘူး၊ တစ်ချို့က ပက်လက်အိပ်မှ အိပ်ပျော်တာမျိုး၊ တစ်ချို့က မှောက်လျှက်၊ တစ်ချို့က ဘေးစောင်း စသဖြင့် ကွာခြားတတ်ပါတယ်။ ကိုယ်အိပ်နေကျ ပုံစံအနေအထားမျိုး မဖြစ်မချင်း ကောင်းကောင်းလည်း အိပ်မပျော်တတ်ပါဘူး။

အမျိုးသမီးတွေအတွက်တော့ သာမန်အချိန်မှာ ကိုယ်အိပ်နေကျပုံစံမျိုးနဲ့ အိပ်စက်တာက ပြဿနာမရှိပေမယ့် ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကလေးရောမိခင်ပါ ဘေးအန္တရာယ်ကင်းစေမယ့် အိပ်စက်မှုပုံစံကိုသာ ရွေးချယ်ရပါတော့မယ်။ဒါမှသာ ကလေးရောမိခင်ပါ ကျန်းမာပြီး ချောချောမောမော ကလေးမွေးဖွားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် အိပ်စက်တဲ့ပုံစံက များများစားစားတော့ ရွေးချယ်စရာ မရှိပါဘူး။

ဒါကြောင့်မို့ ကိုယ်ဝန်စရှိပြီဆိုကတည်းက အန္တရာယ်ရှိတဲ့ အိပ်စက်မှုပုံစံနဲ့ ဘေးကင်းစိတ်ချရတဲ့ အိပ်စက်မှုပုံစံတွေကို မသိမဖြစ် သိထားဖို့လိုလာပြီဖြစ်ပါတယ်။

၁။ မှောက်အိပ်ခြင်း

ဝမ်းဗိုက်ကို ဖိထားပြီး မှောက်အိပ်လေ့ရှိသူတွေအတွက် ကိုယ်ဝန်ဆောင်ကာစ ပထမကာလ (၁၂ ပတ်) ထိ အခုလိုအိပ်တာ ပြဿနာမရှိသေးပါဘူး။ ဒါပေမယ် ကိုယ်ဝန် ၃ လကျော်လာတဲ့အခါ အခုလိုမျိုး ဝမ်းဗိုက်ကို ဖိအိမ်မယ်ဆိုရင်တော့ ဗိုက်ထဲက ကလေးကို ဒုက္ခပေးမိပါလိမ့်မယ်။ ရိုးရှင်းစွာ ပြောရရင်တော့ ဗိုက်လေးပူထွက်လာတာနဲ့အမျှ မှောက်မအိပ်မိအောင် ကြိုစားပြီး အခြားပုံစံတစ်မျိုးနဲ့ အစားထိုးအိပ်စက်ဖို့ ကြိုတင်လေ့ကျင့်ထားသင့်ပါတယ်။

 

၂။ ဘေးတစောင်းအိပ်ခြင်း

ကိုယ်လုံးကို ဘေးတစောင်းထားပြီး အိပ်တတ်တာဟာ ဗိုက်ထဲက ရင်သွေးလေးအတွက် လုံခြုံစိတ်အချရဆုံး အိပ်စက်မှုပုံစံဖြစ်ပါတယ်။ ဒီလိုအိပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှုကောင်းစေပါတယ်။ ဒါပေမယ့် ကိုယ်တွင်းကလီစာတွေကိုတော့ မဖိမိအောင် သတိထားရပါလိမ့်မယ်။

ဘေးစောင်းအိပ်တဲ့အခါ ဘယ်ဘက်ဖြစ်ဖြစ်၊ ညာဘက်ဖြစ်ဖြစ် စောင်းအိပ်လို့ရပေမယ့် ဘယ်ဘက်ကို စောင်းပြီး အိပ်တာက အောက်ဖော်ပြပါ အကျိုးကျေးဇူးတွေရလို့ ပိုပြီးသင့်တော်တယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

  • ဘယ်ဘက်ကို စောင်းပြီးအိပ်ခြင်းအားဖြင့် ကလေးဆီကို စီးဆင်းနေတဲ့ သွေးဖိအားနဲ့ အစာအဟာရတွေ ပိုပြီးရောက်စေပါတယ်။
  • သားလျောခြင်း(ကလေးအသေးမွေး) အခွင့်အလမ်း လျှော့နည်းစေပါတယ်။
  • ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အညစ်အကြေးနဲ့ အရည်တွေကို ကျောက်ကပ်ကနေပြီး စွန့်ထုတ်နိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

 

၃။ ပက်လက်အိပ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ပက်လက်အိပ်ခြင်းကို လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။ ပက်လက်အိပ်တဲ့အခါ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဗိုက်ထဲက ကလေးရဲ့ အလေးချိန်ကြောင့် ကိုယ့်ရဲ့ အတွင်းကလီစာတွေကို ဖိမိနေပြီး အချင်းတိုင်ကို သွေးစီးဆင်းဖို့ ခက်ခဲစေပါတယ်။

ဒါကြောင့်မို့ ပက်လက်အိပ်တတ်သူတွေအနေနဲ့ ဘေးစောင်းအိပ်တဲ့ ပုံစံမျိုးကို လေ့ကျင့်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

 

၄။ ကိုယ်ဝန်ဆောင်အတွက် အကောင်းဆုံးအိပ်စက်မှုပုံစံ

အိပ်စက်တဲ့အခါ ပက်လက်အနေအထား မဖြစ်သွားအောင် ခေါင်းအုံး(သို့)ဖက်လုံးကို မိမိရဲ့ ကျောဘက်မှာ ခုထားသင့်ပါတယ်။

ခြေထောက်နှစ်ချောင်းကြားမှာ မထူမပါး ခေါင်းအုံးတစ်လုံး ညှပ်ထားခြင်းကလည်း မိခင်လောင်းတွေ အိပ်စက်တဲ့အခါ သက်တောင့်သက်သာရှိစေပါတယ်။ နေ့ခင်းနေ့လည် ခဏတဖြုတ် အိပ်စက်တဲ့အခါမှာလည်း ဖော်ပြပါအတိုင်း လိုက်နာဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ဖော်ပြပါအိပ်စက်မှုပုံစံတွေကို လေ့ကျင့်လိုက်နာခြင်းအားဖြင့် ကလေးရောမိခင်ပါ ဘေးကင်းပြီး သားလျောခြင်းအန္တရာယ်ကနေ ကင်းဝေးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် ၂၀၀ မှာ ၁ ယောက်လောက်သာ သားလျောမှုဖြစ်တတ်တာကြောင့် အလွန်အမင်း စိုးရိမ်သောက ဖြစ်ရန်မလိုပါ။

နောက်ဆုံးတစ်ခုကတော့ အိပ်စက်မှုပုံစံမဟုတ်ပဲ ကလေးမီးဖွားတဲ့အခါ လွယ်ကူအောင် ကိုယ်ဝန်ဆောင်မိခင်တွေ လေ့ကျင့်သင့်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

ယောဂကျင်တဲ့ဖျာ သို့မဟုတ် ဒူးထောက်တဲ့အခါ မနာအောင် ဒူအောက်မှာ စောင်ခေါက်ခံပြီး ပုံတွင်ပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်ထောက်ပြီး ဦးခေါင်းမော့ အနေအထားနဲ့ ပုံမှန်အတိုင်း အသက်ရှုသွင်းပါ။

အဲဒီနောက် ဦးခေါင်းကိုငုံ့ကာ ကျော့ကို ကုန်းထပြီး ဖြည်းဖြည်းခြင်း အသက်ရှုထုတ်ပါ။

ဒီလေ့ကျင့်ခန်းကို ဗိုက်ထဲမှာ တင်းကြပ်သလိုခံစားလာရတဲ့အခါ လုပ်ပေးလို့ရပါတယ်။ ဒီလိုလေ့ကျင့်ပေးခြင်းအားဖြင့် မိခင်ရော ဗိုက်ထဲက ကလေးပါ သက်တောင့်သက်သာရှိစေပြီး မီးဖွားတဲ့အခါ လွယ်ကူစေမှာဖြစ်ပါတယ်။


02 Oct 2019     5,133 Views




RELATED

Most Popular of Health Fix

Most Popular of Kids & Family