BEC-TERO TV

အနုပညာကိုခေါင်းစဉ်တပ်ပြီး ဖြတ်လမ်းနည်းသုံးစရာမလိုဘူးလို့ ဝေဖန်ရှုံ့ချလိုက်တဲ့ မေပန်းချီ

13 Nov 2019     1,795 Views


လတ်တလောလူမှုကွန်ယက်သုံးစွဲကြသူအပေါင်းကြားမှာ ဝေဖန်မှုပေါင်းသောင်းခြောက်ထောင်နဲ့ ပြောစရာဖြစ်နေတဲ့ သီချင်းလေးတစ်ပုဒ်ရှိလို့နေပါတယ်။ နိုဝင်ဘာလ (၁၁) ရက်နေ့ကထွက်ရှိခဲ့တဲ့ တေးသံရှင်ရှုမငြီးသီဆိုထားတဲ့ ‘ကိုရေ ဘာတွေလဲ’ ဆိုတဲ့သီချင်းက လက်ရှိအွန်လိုင်းသုံးစွဲသူတွေကြားမှာသာမက အနုပညာလောကကိုပါရိုက်ခတ်သွားတဲ့ သီချင်းတစ်ပုဒ်ဖြစ်နေပါတယ်။ သီချင်းစာသားတွေထက် အကြမ်းစားရိုက်ချက်တွေပါဝင်နေတဲ့ MTV ကြောင့်ပင် ပရိသတ်တွေကြားထဲမှာ အတော်လေးနာမည်ကြီးနေတာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ထိုသီချင်းရဲ့ MTV က ကလေးလူငယ်တွေနဲ့ Public Area လိုနေရာမျိုးမှာတောင် ထုတ်ကြည့်ဖို့မသင့်တော်လောက်အောင် ကြမ်းကြမ်းရမ်းရမ်းအချစ်ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးပုံဖော်ထားတာပါ။ သရုပ်ဆောင်မင်းဟိဏ်းနဲ့တွဲဖက်ပြီး တေးသံရှင်ရှုမငြီးကိုယ်တိုင် အနမ်းအစစ်တွေနဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ထားတဲ့ လူကြီးအချစ်ဇာတ်ဝင်ခန်းတွေကြောင့် ပရိသတ်တွေကြားမှာလဲ ဝေဖန်မှုတွေမြင့်တက်နေပြီး တစ်ချို့အနုပညာလောကသားအချင်းချင်းကြားမှာပါ ထိုသီချင်း MTV ကို ဝေဖန်ရှုံ့ချရလောက်တဲ့အထိပါ။

‘ကိုရေ ဘာတွေလဲ’ သီချင်းဗီဒီယိုနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မေပန်းချီကလဲ ပြင်းထန်စွာဝေဖန်ရှုံ့ချလိုက်ပါတယ်။ မေပန်းချီက သီချင်းထက် MTV ရိုက်ချက်တွေလွန်ကဲနေတဲ့ ‘ကိုရေ ဘာတွေလဲ’ သီချင်းအပေါ်သူမရဲ့အမြင်ကိုလဲ မီဒီယာတွေရဲ့အင်တာဗျူးကနေ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်ပြသွားခဲ့ပါတယ်။

မေပန်းချီပြောသွားတာက “အနုပညာကို တကယ်ချစ်မြတ်နိုးတဲ့သူဆိုတာ အနုပညာကိုတကယ်တန်ဖိုးထားတယ်။ MTV တစ်ပုဒ်ရိုက်လို့ ဘ၀ကြီးလဲမပြောင်းလဲသွားဘူး၊ ဘာမှလဲမရဘူး။ ကိုယ်တောင်ပထမဘာမှန်းမသိဘူး၊ ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ကားပေါ်မှာဘေးလူတွေကြည့်ရင်တောင် ဘာကားကြည့်နေလဲလို့တောင် ထင်ရင်ထင်သွားမှာ။ ဒါကလုံး၀ကို အမှားကြီး။ တကယ့်ကိုရိုက်ချက်တွေက လွန်ကဲနေလို့ သီချင်းကကောင်းနေလားဆိုတော့လဲ သီချင်းကမကောင်းဘူ။ အသံကလဲမကောင်းဘူး။ ဒါအပွင့်လင်းဆုံးပြောတာပါ” ဆိုပြီး သူမရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းဝေဖန်သွားပါတယ်။

“ကိုယ်တိုင်လဲ အသံမကောင်းပါဘူး။ ဒါပေမယ့် နယ်ဘက်တွေမှာကိုယ့်ကိုသီချင်းဆိုဖို့ လာဌားတဲ့အခါ ထိုက်တန်တဲ့အနုပညာနဲ့ရအောင်ကြိုးစားပြီး ရအောင်တော့ဆိုတယ်။ လူဆိုတာ အရည်အချင်းရှိရင် ဖြတ်လမ်းနည်းသုံးစရာမလိုဘူး။ ဒါကိုတော့ လုံး၀ကိုရှုံ့ချတယ်” အနုပညာကိုခေါင်းစဉ်တပ်ပြီး ကြည့်ရှုသူအများအမြင်နဲ့ မသင့်တော်တဲ့ ရိုက်ကူးမှုတွေကို မေပန်းချီက ပြင်းထန်စွာဝေဖန်ရှုံ့ချလိုက်တာဖြစ်ပါတယ်။

“ရိုးသာပါ၊ အနုပညာကိုချစ်ပါ၊ အနုပညာကိုတကယ်ချစ်တဲ့သူ​က ဒီလိုတွေမလုပ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်လိုက်တာက တစ်နိုင်ငံလုံး မြန်မာပြည်တစ်ပြည်လုံးက ကြည့်ရတာ။ အဲ့ဘက်ကိုစိတ်အားထက်သန်နေတဲ့ လူချည်းပဲရှိတာမဟုတ်ဘူး။ ဗမာပြည်မှာက ကလေးတွေလဲရှိတယ်။ ကိုယ်လဲငယ်တော့တဲ့အရွယ်မဟုတ်ဘူး၊ ကိုယ့်သားသမီးတွေလဲ ရှိရင်ရှိလာမယ်။ ဘာပဲဖြစ်ဖြစ် ဒါကြီးက မသင့်တော်ဘူးလေ။ အဲ့တာကြောင့် ဒါနဲ့ပတ်သက်ပြီးတော့ ပြောစရာတော့အများကြီးမရှိဘူး။ ရှုံ့ချတယ် ဒါပါပဲ” လို့ ဆိုသွားပါတယ်။

မေပန်းချီရဲ့အင်တာဗျူးနဲ့ပတ်သက်ပြီး အတွေးအမြင်တူသူတွေ အများအပြားရှိသလို တစ်ချို့ကလဲ Attention ရှာတယ်ဆိုပြီး ဝေဖန်နေကြတာလဲတွေ့ရပါတယ်။ တေးသံရှင် ရှုမငြီးဆိုထားတဲ့ “ကိုရေ ဘာတွေလဲ” သီချင်း MTV ကိုမကြည့်မမြင်ရသေးတဲ့သူတွေအတွက် သီချင်းဗီဒီယိုကိုပါ ဝေမျှပေးလိုက်တာမို့ ပရိသတ်ကြီးရဲ့အမြင်တွေကိုလဲ ပြောပြပေးသွားပါဦးနော်….

 

(ပိုပိုလေး)


13 Nov 2019     1,795 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment