BEC-TERO TV

စင်ကာပူနိုင်ငံရှိ မြန်မာဆိုင်တစ်ဆိုင်အား တရားမဝင်ငွေလွှဲလုပ်ကိုင်မှု စစ်ဆေးခံနေရ

22 Nov 2019     1,600 Views


နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် စင်ကာပူတရုတ်သတင်းစာ Shin Min Daily News တွင် ပင်နီဆူလာပလာဇာရှိ မြန်မာဆိုင် တစ်ဆိုင်အား လိုင်းစင်မရှိပဲ တရားမဝင် ငွေလွှဲလုပ်ကိုင်နေသည်ဟု သံသယရှိပြီးနောက် ဆိုင်ရှင် ဇနီးမောင်နှံနှစ်ဦးအား စင်ကာပူရဲအဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

သတင်းတွင်ဖော်ပြချက်အရ အသက် ၃၈ နှစ်အရွယ် အမျိုးသားနှင့် အသက် ၃၆ နှစ်အရွယ် အမျိုးသမီး တို့အား စင်ကာပူကုန်သွယ်ရေးဆိုင်ရာဗျူရိုနှင့် တန်းလင်းနယ်မြေရဲစခန်းတို့ ပူးပေါင်းပြီး နိုဝင်ဘာ ၂၀ ရက်နေ့က Peninsula Plaza ရှိ မြန်မာဆိုင် တစ်ဆိုင်အား ဝင်ရောက်ရှာဖွေခဲ့ရာ လိုင်စင်မဲ့ ငွေလွှဲခြင်းလုပ်ငန်း လုပ်ကိုင်နေမှုကို ဆက်စပ်သက်သေအထောက်အထားများနဲ့ လုပ်ကိုင်နေကြောင်း တွေ့ရှိခဲ့ရသည်။

လိုင်စင်မဲ့ငွေလွှဲခြင်းနှင့် ငွေလဲလှယ်ခြင်းသည် အကြမ်းဖက်သမားများအတွက် ငွေကြေးခဝါချခြင်းနှင့် ငွေကြေးထောက်ပံ့နေခြင်းတို့၏ နောက်ကွယ်မှ တံခါးပေါက်ဖြစ်နိုင်ကြောင်း၊ ပြည်ပသို့ ငွေပို့ငွေလွှဲရာတွင် လိုင်စင်ရကုမ္ပဏီ သို့မဟုတ် ဘဏ်များမှတစ်ဆင့်သာ သွားသင့်ကြောင်း ရဲတပ်ဖွဲဝင်များက သတိပေးပြောကြားခဲ့သည်။

လိုင်စင်မဲ့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သည်ဟု ပြစ်မှုထင်ရှားပါက မည်သူမဆို ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ အထိ (သို့) ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့် ဆက်စပ်၍ စင်ကာပူနိုင်ငံ မြန်မာအသိုင်းဝိုင်းမှ ထပ်မံသိရှိရသော သတင်းများအရ စုံစမ်းစစ်ဆေးခြင်း ခံရသော မြန်မာဆိုင်မှာ ပင်နီဆူလာပလာဇာရှိ ‘လင်းလက်’ မြန်မာစားသောက်ကုန်များ ရောင်းချသော ဆိုင်ဖြစ်ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ သက်ဆိုင်ရာမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခံရသည့် အကြောင်းရင်းမှာ စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးတစ်ဦးမှ အိမ်ရှင်ဖြစ်သူ၏ ပိုက်ဆံများကို ခိုးယူပြီး မြန်မာနိုင်ငံသို့ ငွေလွှဲခဲ့သည်ကို အိမ်ရှင်များက သိရှိခဲ့ပြီး ရဲခေါ်ကာ စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ မြန်မာဆိုင်ပါ အမှုတွဲထဲပါပြီးနောက် စုံစမ်းစစ်ဆေးခြင်း ခံနေရကြောင်း သတင်းရရှိသည်။

အိမ်နီးခြင်းနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာများအနေနဲ့ မြန်မာနိုင်ငံရှိ မိသားစုထံသို့ ငွေပြန်လွှဲရာတွင် တရားဝင်ဘဏ်များမှ လွှဲပါက ငွေလဲနှုန်း ဈေးနိမ့်ခြင်း၊ လွှဲပြောင်းခ ထပ်မံဖြတ်ခံရခြင်းနှင့် မြန်မာနိုင်ငံဘက်တွင် အိမ်အရောက် ပို့ဆောင်သည့် ဝန်ဆောင်မှုမရှိခြင်း၊ အချိန်ကြန့်ကြာခြင်း၊ လုပ်ငန်းစဉ် ရှုပ်ထွေးခြင်းကြောင့် ဒီနေ့ပို့ ဒီနေ့ရောက်ပြီး ငွေလဲနှုန်းလဲ ပို၍ရသော မြန်မာဆိုင်များမှ လွှဲနေခဲ့တာ အစဉ်လာတစ်ရပ်လို ဖြစ်နေပြီဖြစ်ပါတယ်။


22 Nov 2019     1,600 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS