BEC-TERO TV

မြန်မာနိုင်ငံဟာ ဓါတုလက်နက်တွေ သိုလှောင်ထားနေဆဲဖြစ်ကြောင်း ဝါရှင်တန်စွပ်စွဲ

28 Nov 2019     1,398 Views


မြန်မာနိုင်ငံအနေနဲ့ ဓါတုလက်နက်ကင်းစင်ရေးညီလာခံကို အရေးမစိုက်တာဟာ ၁၉၈၀ ခုနှစ်များဆီက ဓါတုလက်နက် အကြွင်းအကျန်များအား သိမ်းဆည်းထားဆဲ ဖြစ်နိုင်ကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ယခင်က သမိုင်းဝင်ရှေးဟောင်း အဆောက်အဦးတစ်ခုမှာ အဆိပ်ဓါတ်ငွေ့ ထုတ်လုပ်ခဲ့ဖူးပြီး လက်ရှိအချိန်ထိ ဓာတုလက်နက် ရှိနေနိုင်သေးကြောင်း ဓါတုလက်နက်ကာကွယ်တားဆီးရေး Organisation for the Prohibition of Chemical Weapons (OPCW) ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ အမေရိကန်နိုင်ငံရဲ့ အကြီးတန်းအရာရှိက ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခုမှာ ဓါတုလက်နက် သိုလှောင်ထားတာတွေရှိနေနိုင်လို့ အမေရိကန်က ဒီကစ္စအပေါ် အလေးအနက်ထား အာရုံစိုက်နေတယ်” လို့ အမေရိကန်နိုင်ငံရဲ့ ဒုတိယလက်ထောက်အတွင်းရေးမှူး Thomas DiNanno က နယ်သာလန်နိုင်ငံ The Hague မှာ ပြုလုပ်တဲ့ OPCW အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

လက်တလောမှာတော့ မြန်မာစစ်တပ်က ယူအက်စ်က စွပ်စွဲနေတဲ့ ဓါတုလက်နက်တွေ သိုလှောင်သိမ်းထားနေတယ်ဆိုတာတွေဟာ မမှန်ကန်ကြောင်း ငြင်းဆိုထားပါတယ်။ ဒါ့အပြင် ဒီလိုလက်နက်မျိုးတွေ ပိုင်ဆိုင်ဖို့ ရည်ရယ်ချက်လည်း မရှိကြောင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက အစိုးရအရာရှိတွေဟာ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဓါတုလက်နက်ညီလာခံ Chemical Weapons Convention (CWC) ကိုလည်း တရားဝင် တက်ရောက်ခဲ့ပါတယ်။ အဆိုပါ ညီလာခံကနေ ဓါတုလက်နက် ထုတ်လုပ်ခြင်း၊ သိမ်းဆည်းသိုလှောင်ခြင်း နဲ့ အသုံးပြုခြင်းတွေကိုပါ တားမြစ်ထားပါတယ်။

ယူအက်စ်ရဲ့ ထောက်ပြချက်မှာတော့ မြန်မာနိုင်ငံဟာ CWC ရဲ့ မူဝါဒတွေကို လေးစားလိုက်နာခြင်းမရှိပဲ ဟိုယခင်အတိတ်က ဓာတုလက်နက်အစီစဉ်နဲ့ ဓါတုလက်နက်စက်ရုံကို ဖျက်ဆီးပစ်ဖို့တွေကို တရားဝင်ကြေညာဖို့ ပျက်ကွက်ခဲ့တယ်လို့ DiNanno က ပြောပါတယ်။

ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က မနေ့က ဧရာဝတီသတင်းဌါနကို ပြောကြားခဲ့ရာမှာတော့ မြန်မာစစ်တပ်အနေနဲ့ ဓါတုလက်နက်နဲ့ ဆက်နွယ်တဲ့ အစီစဉ်တွေ CWC နဲ့ မြန်မာနိုင်ငံ လက်မှတ်မထိုးခင်ကရော ထိုးပြီးနောက်ပိုင်းမှာပါ ဘယ်တုန်းကမှ မရှိခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။

ဓါတုလက်နက်မှ မဟုတ်ပါဘူး ကျွန်တော်တို့မှာ ထုတ်လုပ်တာရော သိုလှောင်တာရော ပြီးတော့ နျူကလီးယား ဒါမှမဟုတ် ဇီဝဓါတုလက်နက်တွေ စမ်းသပ်တာမျိုးလည်း မရှိပါဘူး” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ယခင်တုန်းကလည်း အခုလိုမျိုး ဓာတုလက်နက်နဲ့ ပက်သက်ပြီး စွပ်စွဲခံရတာမျိုး ကြုံခဲ့ဖူးပါတယ်။

၂၀၀၅ ခုနှစ်တုန်းက လန်ဒန်အခြေစိုက် အခွင့်အရေးလှုပ်ရှားသော အုပ်စုဖြစ်တဲ့ Christian Solidarity Worldwide က ကရင်သူပုန်တွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့ရာမှာ ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ ယခင်စစ်အစိုးရခေါင်းဆောင်တွေကို စွပ်စွဲခဲ့ဖူးပါတယ်။

၂၀၁၃ ခုနှစ်တုန်းကလည်း မြန်မာပြည်အထက်ပိုင်းက တရုတ်ကုမ္ပဏီတွေတူးဖော်နေတဲ့ ကြေးနီတူးဖော်ရေးမှာ ဆန္ဒပြသူတွေကို ရဲတွေက ဖြိုခွင်းရာမှာ အပူလောင်ဒဏ်ရာတွေ ဖြစ်ခဲ့တာကြောင့် ဖော့စဖရတ်(မီးစုန်းဓာတ်) အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဒါပေမယ့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး ဒီကိစ္စမှာ နိုင်ငံတစ်ကာက သုံးနေကြတဲ့ မျက်ရည်ယိုဗုံးကိုသာ အသုံးပြုခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ မျက်ရည်ယိုဗုံးဟာ ရေနဲ့ထိတွေ့မိလို့ ဓါတ်ပြုရာကနေ အပူလောင်တာတွေ ဖြစ်လာတာပါလို့ ပြောကြားခဲ့ပါတယ်။

ယူအက်စ်အနေနဲ့ ဓာတုလက်နက်ဖျက်ဆီးပစ်ရေးမှာ မြန်မာနိုင်ငံကို ကူညီဖို့အသင့်ရှိနေကြောင်း  မြန်မာအစိုးရနဲ့ စစ်တပ်ကို ဝါရှင်တန်ကနေပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Source: The ASEAN Post


28 Nov 2019     1,398 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS