BEC-TERO TV

ခေတ်စားနေတဲ့ မာရ်နတ်သမီးရဲ့ နှုတ်ခမ်းတစ်စုံဟာ အန္တရာယ်ရှိကြောင်း ကျွမ်းကျင်သူများ သတိပေး

10 Dec 2019     1,637 Views


လူတွေဟာ သဘာဝကပေးတဲ့ အလှတရားတွေနဲ့ ကျေနပ်တင်းတိမ်နိုင်ခြင်းမရှိပဲ ကိုယ့်စိတ်ကူးထဲက ပုံစံအတိုင်းဖြစ်အောင် ခေတ်မီနည်းပညာတွေသုံးပြီး မျက်နှာပေါ်က နေရာအနှံ့ကို ခွဲစိတ်ပြုပြင်လာခဲ့ကြတာ ဆယ်စုနှစ်ပင် အတော်ကြာနေခဲ့ပြီဖြစ်ပါတယ်။

မျက်နှာခွဲစိတ်ပြုပြင်မှု ရင်သားခွဲစိတ်ပြုပြင်မှု စတာတွေပြီးတော့ အခုနောက်ဆုံး ခေတ်စားနေတာက မာရ်နတ်သမီးရဲ့ နှုတ်ခမ်းတစ်စုံလို့ အမည်ပေးထားတဲ့ ငရဲမင်းပုံစံ ထူးခြားတဲ့ လှိုင်းတွန့်နှုတ်ခမ်းဒီဇိုင်းဖြစ်ပါတယ်။ ဒီရောဂါဟာ ရုရှားနိုင်ငံက စတင်ခဲ့ပြီး အခုဆိုရင် ဥရောပတခွင်ပျံ့နှံ့ကာ ယူကေထိအောင် ကူးစက်လာခဲ့ပါပြီ။

သဘာဝအတိုင်းမဟုတ်ပဲ နှုတ်ခမ်းသားထဲကို filler လို့ခေါ်တဲ့ အရည်တစ်မျိုးထိုးသွင်းပြီး လိုသလိုပုံဖော်ထားတာဖြစ်လို့ အလွန်အန္တရာယ်ကြီးတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

လန်ဒန်အခြေစိုက် မျက်နှာနဲ့ သွားအလှပြပြင်ရေးဆရာဝန် Dr Krystyna က သဘာဝတိုင်း နှုတ်ခမ်းတွေကို အခုလို ပြောင်းလဲလို့ မရဘူးလို့ဆိုပါတယ်။ နှုတ်ခမ်းသားကောက်ကြောင်းတွေကို ပိုပြီးပေါ်လွင်အောင် လုပ်လို့ရပေမယ့် အခုလို လှိုင်းတွန့်ပုံစံမျိုးကတော့ သဘာဝအတိုင်း ပြုပြင်ထားတာ မဟုတ်ပါဘူး လို့ဆိုပါတယ်။

Filler တွေကို သေသေချာချာစနစ်တကျ မထိုးသွင်းထားဖူးဆိုရင် သွေးဥတွေထဲကို ရောက်ပြီးနောက်ဆုံးတော့ ပိတ်ဆို့ကာ တစ်ရှုးတွေ သေသွားစေပါတယ်။ သွေးဥလေးတွေဟာ နှုတ်ခမ်းသားတစ်ဝိုက်မှာရှိနေတဲ့အတွက် filler သုံးတာ စနစ်မကျရင် အခုလိုပြဿနာတွေ သေချာပေါက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အလှအပတွေနောက်ကို တကောက်ကောက်လိုက်တတ်တဲ့ ပရိသတ်တွေကတော့ အန္တရာယ်အနည်းဆုံးလမ်းကြောင်းဖြစ်တဲ့ မိတ်ကပ်ပညာ၊ ဖိုတိုရှော့ပညာတို့နဲ့ အခုခေတ်စားနေတဲ့ နှုတ်ခမ်းပုံတွေကို အလုအယက် ဖန်တီးပုံဖော်နေကြပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ အပြိုင်အဆိုင်တင်နေကြပါတယ်။

အခုလိုမျိုး လူတွေစိတ်ဝင်စားနေတဲ့ သဘာဝမကျတဲ့ နှုတ်ခမ်းပုံစံတွေနောက်ကို အရူးထပြီး မလိုက်ကြဖို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ ဒီလိုသာ လုပ်မိခဲ့မယ်ဆိုရင် နှုတ်ခမ်းဟာ သဘာဝအတိုင်း ဘယ်တော့မှ ပြန်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။


10 Dec 2019     1,637 Views




RELATED

Most Popular of Special or Others

Most Popular of Life Style