BEC-TERO TV

နှစ် ၂၀ အတွင်း စိမ်းလန်းစိုပြေတဲ့ သစ်တောကြီးတစ်ခု ဖန်တီးပေးခဲ့သူ ဇနီးမောင်နှံ

13 Jan 2020     2,087 Views


ဘရာဇီးနိုင်ငံ Minas Gerais ဒေသမှာ လွင်ထီးခေါင် တောင်ကတုံးကြီးကို ဇနီးမောင်နှံ နှစ်ဦးက ဦးဆောင်ကာ သစ်ပင်ပေါင်း ၂.၇ သန်းကို စိုက်ပျိုးပေးခဲ့ပြီး နှစ်ပေါင်း ၂၀ အကြာမှာ စိမ်းလန်းစိုပြေတဲ့ သစ်တောကြီးတစ်ခု ဖန်တီးပေးနိုင်ခဲ့ပါတယ်။
 
၁၉၉၄ ခုနှစ်မှာ Sebastiao Salgado ဆိုသူဟာ မိသားစုပိုင်ဆိုင်တဲ့ မြေယာတွေကို အမွေဆက်ခံရရှိလိုက်ပါတယ်။ အဲဒီအချိန်မှာ သူဟာ ရဝမ်ဒါမှာ လူမျိုးတုံးသတ်ဖြတ်မှု ကိစ္စတွေအတွက် သတင်းယူရတဲ့ တာဝန်ကို ထမ်းဆောင်ပြီးခါစအချိန်လည်းဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် တွေ့ကြုံခဲ့ရတဲ့ အနိဌါရုံမြင်ကွင်းတွေကြောင့် သူ့ရဲ့ စိတ်နှလုံးတွေက အလွန်ညိုးနွမ်းနေပါတယ်။
သူအမွေဆက်ခံရရှိလိုက်တဲ့ မြေနေရာတွေဟာ သူငယ်စဉ်ဘဝက စိမ်းလန်းစိုပြေခဲ့ပေမယ့် အခုတော့ လူတွေက စည်းကမ်းမဲ့စွာ သစ်ပင်တွေခုတ်ထားကြလို့ တောင်ကတုံးကြီး ဖြစ်ကျန်နေရစ်ပါတယ်။ 
အဲဒီအချိန်မှာပဲ သူ့ရဲ့ဇနီးက ဒီနေရာမှာ အရင်ကလို သစ်တောကြီးဖြစ်အောင် သစ်ပင်တွေ ပြန်စိုက်ကြရင် မကောင်းဘူးလားလို့ အကြံပေးခဲ့ပါတယ်။
တစ်ကယ်တော့ ဒီလောက် ကျယ်ပြန့်ကြီးမားတဲ့ နေရာကြီးတစ်ခုလုံးကို သစ်တောကြီးဖြစ်အောင် သူတို့လင်မယားနှစ်ယောက်ထဲ သစ်ပင်တွေပြန်စိုက်ဖို့က မဖြစ်နိုင်လောက်တဲ့အခြေအနေပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်ချပြီးတဲ့ သူတို့လင်မယားနှစ်ယောက်ဟာ ၁၉၉၈ ဧပြီလထဲမှာ သစ်တောကြီးတစ်ခုဖန်တီးဖို့ အစီစဉ်ကို မိတ်ဆွေတွေကို ပြောပြစည်းရုံးတိုင်ပင်ပြီး ရံပုံငွေတွေလည်း ရှာဖွေခဲ့ပါတယ်။
 
သစ်တောစိုက်ပျိုးမယ့် ဧရိယာတစ်ခုလုံးကိုလည်း ပုဂ္ဂလိကပိုင် သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အမွေအနှစ် (Private Natural Heritage Reserve) လို့ အမည်ပြောင်းလိုက်ပါတယ်။
ပထမဦးဆုံးအကြိမ် သစ်ပင်တွေ စိုက်ပျိုးမှုကို ၁၉၉၉ ဒီဇင်ဘာလမှာ စတင်ခဲ့ပါတယ်။ သစ်တောထဲမှာ သစ်ပင်မျိုးစိတ်ပေါင်း ၂၉၀ ကျော်ကို စိုက်ပျိုးထားခဲ့ပါတယ်။ 
နှစ်ပေါင်း ၂၀ အကြာ ၂၀၁၉ ခုနှစ်မှာတော့ စိမ်းလန်းစိုပြေတဲ့ သစ်တောကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီသစ်တောကြောင့် မြေဆီလွှာပျက်ဆီးမှုတွေကို သဘာဝအတိုင်း ပြန်လည်ထိန်းသိမ်းနိုင်ပြီး သဘာဝစမ်းချောင်းလေး ၈ ခု ဖြစ်ပေါ်နေကာ ရေစီးနှုန်းက တစ်မိနစ်ကို လီတာ ၂၀ နှုန်းနဲ့ စီးဆင်းနေပါတယ်။
ဒါ့အပြင် ငှက်မျိုးစိတ် ၁၇၂ မျိုးလည်း သစ်တောထဲကို ပြန်လည်ပြောင်းရွေ့လာပြီး အဲဒီငှက်တွေထဲမှာ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် ငှက်မျိုးစိတ် ၈ မျိုးလည်း ပါဝင်ပါတယ်။ နို့တိုက်တောရိုင်း သတ္တဝါ ၃၃ မျိုးလည်း ပြန်လည်ရောက်ရှိလာလို့ အခုဆိုရင် လွန်ခဲ့တဲ့ နှစ် ၂၀ က တောင်ကတုံးနေရာတွေအားလုံး စိုပြေစိမ်းလန်းတဲ့ သစ်တောကြီး ဖြစ်လာခဲ့ပါပြီ။

 


13 Jan 2020     2,087 Views




RELATED

Most Popular of Special or Others

Most Popular of NEWS