BEC-TERO TV

ရွှေဆိုင်ဓါးပြ သေနတ်သမားကို ဖမ်းမိဖို့ အရေးကြီးတဲ့ သဲလွန်စ ရှာတွေ့ပြီ

14 Jan 2020     1,422 Views


ဇန်နဝါရီလ ၉ ရက်နေ့က ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရွေဆိုင်ဓါးပြတိုက်မှုမှာ ဓါးပြရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်အရွယ် ကလေး တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး နေရာတင်သေဆုံးခဲ့ပြီး ၄ ဦးမှာ သေနတ်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဒီသေနတ်သမားကို ဖမ်းမိနိုင်ဖို့ အလွန်အရေးကြီးတဲ့ သဲလွန်စကို ရရှိထားပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒုတိယရဲချုပ်ကြီး ဗိုလ်ချုပ် ဆူချတ်သီရာဆာဝပ် က လော့ဘူရီမှာ ဖြစ်ပွားခဲ့တဲ့ အမှုအတွက် ရဲတပ်ဖွဲ့ဝင်တွေကို စုံစမ်းထောက်လှမ်းမှုတွေ လုပ်ဖို့ အမိန့်ထုတ်ထားကြောင်း၊ သေနတ်သမား ကိုင်ခဲ့တဲ့ လက်နက်ကနေ သံလွန်စတွေရှာဖို့ ညွှန်ကြားထားကြောင်း ဇန်နဝါရီ ၁၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာအရ အမျိုးစားတူ သေနတ်ကိုင်ဆောင်ထားတဲ့ လူ ၁၃ ဦးကို တွေ့ထားပြီဖြစ်ကြောင်း၊ သူတို့တွေထဲက ၂ ဦးမှာ စစ်မှုထမ်းနေဆဲဖြစ်ပြီး ကျန် ၁၁ ဦးမှာ အရပ်သားများဖြစ်ကြောင်း သိရပါတယ်။

ရဲတွေဟာ လော့ဘူရီမှာရှိတဲ့ သေနတ်ပစ်ကွင်း ၄ ကွင်း ကိုလည်း သွားရောက် စစဆေးခဲ့ပြီး ဖြစ်နိုင်ချေရှိတဲ့ သဲလွန်စတွေကို ရှာဖွေနေပါတယ်။ တစ်ဖက်မှာလည်း ဖုန်းအော်ပရေတာတွေရဲ့ အကူအညီကို ရယူကာ အခင်းဖြစ်ပွားစဉ် အချိန်ကာလဝန်းကျင်မှာ သံသယရှိထားသူတွေရဲ့ ဖုန်းအသုံးပြုမှု အချက်လက်တွေကိုလည်း ထောက်လှမ်းနေပါတယ်။

လော့ဘူရီမြို့တော်ဝန် စပါကစ် ဖိုသီဖဖါဖန် က ဓါးပြတိုက်သူ အသုံးပြုသွားခဲ့တဲ့ ယာမဟာဆိုင်ကယ် အနီနဲ့အဖြူ၊ အလားတူပိုင်ဆိုင်တဲ့ ပိုင်ရှင်တွေရဲ့ စာရင်းကိုလည်း စုဆောင်းထားပြီးနောက် ရဲတွေကို လွှဲပြောင်း ပေးလိုက်ပြီလို့ ဆိုပါတယ်။

လက်တလော နောက်ဆုံးမှာ စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတစ်ဦး ပေးလာတဲ့ သဲလွန်စအရ၊ သေနတ်ကို ထိန်းသိမ်းကိုင်တွယ်ပုံတွေကိုကြည့်ရင် တော်ရုံတန်ရုံလောက်သာ သေနတ်ပစ်တတ်တာ မဟုတ်ပဲ သေနတ်နဲ့ပက်သက်ပြီး အဆင့်မြင့်သင်တန်း တက်ဖူးသူဖြစ်တယ်လို့ဆိုပါတယ်။

အသံတိတ် ဆိုင်လန်ဆာ တပ်ထားတဲ့သေနတ်ဟာ ပုံမှန်သေနတ်တွေ ပစ်သလို ပစ်လို့ မရပဲ ထိန်းချုပ်ရတာခက်တဲ့အတွက် တော်ရုံကျွမ်းကျင်မှုမျိုးနဲ့ မရဘူးလို့ဆိုပါတယ်။ နောက်တစ်ခုအနေနဲ့ ဆိုင်လန်ဆာကို ကျွမ်းကျင်စွာ မတပ်ဆင်နိုင်ပါကလည်း သေနတ်ကျည်မထွက်တာမျိုးတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုကျွမ်းကျင်တဲ့သူမျိုးက စစ်ဘက်နဲ့ ရဲဘက်တို့မှာသာ ရှိနိုင်တာမဟုတ်ပဲ သာမန်အရပ်သားအနေနဲ့ အဆင့်မြင့် သေနတ်ပစ်လေ့ကျင့်မှု သင်တန်းတွေ တက်ရောက်ထားရင်လည်း အခုလို ကျွမ်းကျင်ပိုင်နိုင်စွာ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ မှတ်သားထားရမယ့် အရေးကြီး သဲလွန်စတစ်ခုကတော့ ဒီလိုသေနတ်မျိုးက စျေးကြီးလွန်းတဲ့အတွက် သေနတ်သမားဟာ စီးပွားရေးပြေလည်တဲ့သူ ဖြစ်မှသာ ကိုင်နိုင်မှာဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြပါရှိသည်။


14 Jan 2020     1,422 Views




RELATED

Most Popular of International News

Most Popular of NEWS