BEC-TERO TV

ဝူဟန်ဗိုင်းရပ်စ် ထိန်းချုပ်ရန် တရုပ်အခက်အခဲဖြစ်နေ ဆရာဝန်တွေကိုယ်တိုင်ကူးစက်ခံနေရ

24 Jan 2020     2,006 Views


တရုတ်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်က ဆက်လက်ပျံ့ပွားမှုတွေရှိနေပြီး ရောဂါကူးစက်ခံရသူ လူနာအရေအတွက် မြင့်တက်လာနေပါတယ်။ လက်တလောရရှိတဲ့ သတင်းတွေအရ ဝူဟန်ဗိုင်းရပ်ကို ထိန်းချုပ်ဖို့ အခက်အခဲတွေနဲ့ ကသောင်းကနင်းတွေကို တွေ့ကြုံနေရကြောင်း တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နောက်ဆုံးရသတင်းအနေနဲ့ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၈၃၀ ထိ ရှိလာပြီး သေဆုံးသူဟာလည်း ၂၅ ဦးထိ ရှိလာကြောင်း အတည်ပြုပေးထားပါတယ်။ အခုလို ကူးစက်မှု သေဆုံးမှုတွေဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ် ၂၉ ခုထဲမှာ ဖြစ်ပွားနေပြီး ဝူဟန်မြို့ကိုတော့ အာဏာပိုင်တွေက မနေ့က ပိတ်ထားလိုက်ပါတယ်။

အခြေအနေဟာ ဘယ်လောက်ထိ ဆိုးရွားနေလည်းဆိုရင် ဝူဟန်မှာ ဆေးရုံသစ်ကြီး တစ်ရုံကို နောက်ထပ် ၆ ရက်အတွင်း အရေးပေါ်​တည်ဆောက်ဖို့ လိုအပ်လာတဲ့အထိ ဖြစ်လာပြီလို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေကို ပြုစုစောင့်ရှောက် ကုသပေးဖို့ ဆေးဝါးအထောက်အကူပစ္စည်း မလုံလောက်မှုတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေကို ဗိုင်းရပ်စ်မကူးစက်စေဖို့ ကာကွယ်ရေး ပစ္စည်းတွေပါ ပြတ်လပ်လာနေပြီဖြစ်ကြောင်း သိရပါတယ်။

ဝူဟန်မြို့တွင်းမှာရှိတဲ့ ဆေးရုံတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုရဲ့ ပေးပို့ချက်တွေအရ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်နဲ့ သူနာပြုတွေ ကိုယ်တိုင်ပါ ကူးစက်ခံရမှုတွေရှိ ကြောက်ခမ်းလိလိ ရှိလာနေပြီလို့ သိရပါတယ်။

“ဘယ်လောက်တောင် မြန်သလဲဆိုရင် ကူစက်ခံထားရတဲ့ လူနာတစ်ယောက်ကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း ၁၄ ယောက် ကူးစက်ခံထားရတယ်” လို့ ဆိုပါတယ်။

ဝူဟန်ဆေးရုံမှာ လက်ရှိအလုပ်လုပ်နေတဲ့ အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက -

“ဒီဗိုင်းရပ်စ်ဟာ လူကနေ လူကို ပြန်ကူးစက်တတ်တယ်ဆိုတာ ဆေးရုံကကျန်းမာရေးဝန်ထမ်းတွေကို ရှေးပြေးသတိပေးထားခဲ့တာ လုံးဝမရှိဘူး၊ အခုတော့ ကျွန်တော်တို့မှာ ကာကွယ်ရေးပစ္စည်းတွေ မလောက်ငတော့အောင် ပြတ်လပ်နေပြီ။ ကူးစက်ခံထားရတဲ့ လုပ်ဖော်ကိုင်ဘက်တွေအတွက်လည်း အရမ်းစိတ်ပူနေကြတယ်၊ ကျန်တဲ့လူတွေအတွက်လည်း ရွေးစရာလမ်းမရှိတော့ ဒီအတိုင်းပဲ ဆက်လုပ်နေကြရတုန်းပဲ” လို့ ဆိုပါတယ်။ ရုပ်သံတစ်ခုမှာ ဆရာဝန်တစ်ယောက် ထိတ်လန့်ဝမ်းနည်းစရာ ဖုန်းနဲ့ပြောဆိုနေတာကို တွေ့ရပါတယ်။

ဝူဟန်မြို့မှာရှိတဲ့  ဆေးရုံ ၁၄ ရုံစလုံးမှာ ပြဿနာစဖြစ်ကတည်းက မနိုင်မနင်းတွေ လုပ်နေခဲ့ကြရပါတယ်။ အခုဆိုရင် ဝူဟန်ဗိုင်းရပ်စ်ဟာ နိုင်ငံကို ကျော်ဖြတ်ပြီး အမေရိကန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း နဲ့ ဗီယက်နမ်နိုင်ငံတို့မှာပါ ကူးစက်ခံထားရသူတွေ တွေ့လာရပါပြီ။ သို့ပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးကတော့ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ဗိုင်းရပ်စ်အဖြစ် ကြေညာသတိပေးထားခြင်း မရှိသေးပါဘူး။


24 Jan 2020     2,006 Views




RELATED

Most Popular of International News

Most Popular of NEWS