BEC-TERO TV

TikTok ကစားကောင်းလို့ ဝိုင်းအပြောခံနေရတဲ့ စလုံးက မြန်မာမလေး (ရုပ်သံ)

27 Jan 2020     1,656 Views


ယနေ့အွန်လိုင်းခေတ်မှာ ဆယ်လီဖြစ်ဖို့ နည်းလမ်းတွေ မျိုးစုံရှိတဲ့အထဲမှာ “TikTok” ကလည်း ရေပန်းအစားဆုံး ပလက်ဖောင်းတစ်ခုဖြစ်လာပါတယ်။ ထင်ရှားကျော်ကြားတဲ့ အနုပညာသည်တွေတောင် ကစားနေကြတဲ့ ‘TikTok’ ပေါ်မှာ သူများနဲ့မတူတဲ့ ပုံစံလေးတွေဖန်တီးရင်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခံမှုရအောင် လုပ်နေကြတဲ့အထဲမှာ မြန်မာနိုင်ငံက လူတွေလည်း ပါပါတယ်။

အထူးသဖြင့် လူငယ် အမျိုးသမီးလေးတွေ အများစုဖြစ်ပါတယ်။ သူတို့တွေရဲ့ တီထွင်ဖန်တီးမှုတွေကတော့ ကင်မရာရှေ့မှာ ထမိန်လှည့်ဝတ်ပြတယ်၊ ရေချိုးခန်းထဲမှာ အဝတ်အစားကို ချွတ်ပြတော့မလို လုပ်ပြတယ်၊ ဗီဒီယိုဇာတ်ကားထဲက ဇာတ်ဝင်ခန်းအသံကို နောက်ခံထားပြီး လိုက်သရုပ်ဆောင်ပြတယ်၊ တေးသရုပ်ဖော်ကပြကြတယ် စသည်ဖြင့် စုံလို့ပါပဲ။

အဲဒီထဲမှာ ထူးထူးခြားခြား စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာမလေးတစ်ယောက်က သူများနဲ့မတူအောင် လူနာကုတင်တွေကြားမှာ၊ လူနာတွေကို ပြုစုစောင့်ပေးရင်း TikTok ကစားပြခဲ့လို့ ဝိုင်းဝန်ဝေဖန်ခံနေခဲ့ရပြီး ဒီရုပ်သံဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

စင်ကာပူမြန်မာအသိုင်းအဝိုင်းနဲ့ နီစပ်သူတွေကတော့ မိန်းကလေးဟာ သက်ကြီးရွယ်အိုစောင့်ရှောက်တဲ့ ဘိုးဖွားရိပ်သာ ဂေဟာ တစ်ခုမှာ အကူသူနာပြုအဖြစ်နဲ့ အလုပ်လုပ်ကိုင်နေတာဖြစ်တယ်လို့ ရုပ်သံကို ကြည့်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။

သက်ကြီးရွယ်အိုတွေကို ပြုစုနေတဲ့ အခန်းထဲမှာ TikTok ကစားရင်း အွန်လိုင်းပေါ်လွှင့်ခဲ့တာဟာ စင်ကာပူနိုင်ငံရဲ့ ဥပဒေနဲ့ ညိစွန်းကြောင်း ဒါ့အပြင် ရုပ်သံမှာ ပါဝင်တဲ့ ဘိုးဖွားတွေရဲ့ မိသားစုတွေက တွေ့သွားခဲ့ရင် တရားစွဲခံရနိုင်ကြောင်း၊ လူနာကို ပိုက်ကနေ အစာသွင်းပေးနေချိန်မှာ အခုလိုမျိုး လက်လွတ်စပယ်လုပ်တာတွေဟာ ပရော်ဖက်ရှင်နယ်မဆန်ပဲ အခန့်မသင့်ရင် လူနာ တစ်ခုခုဖြစ်သွားနိုင်ကြောင်း ဝိုင်းဝန်းဝေဖန် ပြောဆိုခံခဲ့ရပါတယ်။

TikTok ကစားချင်တယ်ဆိုရင်လည်း ကိုယ့်ရဲ့အားလပ်ချိန်မှာ အခြားနည်းနဲ့ကစားသင့်ကြောင်း ထောက်ပြဝေဖန်အကြံပြုထားတာတွေ တွေ့ရပါတယ်။ ဒါကြောင့် အခုလိုမျိုး မသိလို့ဖြစ်စေ၊ သိသိရက်နဲ့ဖြစ်စေ မထင်မှတ်ပဲ ဥပဒေချိုးဖောက်သလို ဖြစ်နေတဲ့အတွက် TikTok ကစားတဲ့အခါ ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။


27 Jan 2020     1,656 Views




RELATED

Most Popular of Special or Others

Most Popular of NEWS