BEC-TERO TV

သေနတ်သမားကို တိုက်ခိုက်ပြီး လူ ၈ ဦးအတွက် အသက်ပေးခဲ့တဲ့ ကျောင်းသားလေး

14 Feb 2020     1,432 Views


ဖေဖော်ဝါရီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့က ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စစ်သားတစ်ဦးက အပြစ်မဲ့ပြည်သူတွေကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၃၀ ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်တွင် အသက် ၁၈ နှစ်အရွယ် ကျောင်းသားလေးတစ်ဦးလည်း ပါဝင်ခဲ့သည်။ Ativa ဟု အမည်ရတဲ့ ကျောင်းသားလေးဟာ အခန်းထဲမှာ ပိတ်မိနေသော လူ ၈ ဦးကို ကယ်တင်ရန် သေနတ်သမားနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း အသက်ပေးလိုက်ရခြင်းဖြစ်သည်။

Ativa မှာ အထက်တန်းကျောင်း အောင်မြင်ပြီးကာစ လူငယ်လေးဖြစ်ပြီး နွမ်းပါးသည့် မိသားစုမှာဖြစ်ကာ သူ၏မိခင်က Terminal 21 ဈေးဝယ်စင်တာတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ပြီး သားဖြစ်သူကို တက္ကသိုလ်ကျောင်းထားနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

အချင်းဖြစ်ပွားသည့် အချိန်က Ativa က Terminal 21 ဈေးဝယ်စင်တာတွင် ရောက်ရှိနေပြီး မြေအောက်ထပ်ရှိ အသားငါးများ ခဲခန်းထဲတွင် အခြားလူ ၈ ဦးနဲ့အတူ ပုန်းနေချိန်ဖြစ်သည်။ ထိုအချိန်တွင် သေနတ်သမားက ရဲတပ်ဖွဲ့ဝင်များ၏ စီးနင်းရှာဖွေမှုကြောင့် မြေအောက်ထပ်သို့ ထွက်ပြေးလာချိန်လည်းဖြစ်သည်။ Ativa အနေနဲ့ ပုန်းနေသည့် အခန်းကို သေနတ်သမား ဝင်မလာနိုင်အောင် အပြင်ဘက်သို့ အရဲစွန့်ထွက်ကာ ကာကွယ်မှုများ ပြုလုပ်စဉ် သေနတ်သမားနဲ့ ရင်ဆိုင်တိုးမိခဲ့ပြီး ခုခံကာကွယ်မှုများ ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ အရေးနိမ့်ပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ သေနတ်သမားနဲ့ Ativa တို့ ရင်ဆိုင်တွေ့နေချိန်ကို အသုံးချခဲ့ပြီး အခန်းထဲမှာ ပိတ်မိနေတဲ့ လူ ၈ ဦးစလုံး လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်သည်။

Ativa ၏ အဘွားဖြစ်သူက သူမ၏ မြေးလေးမှာ အလွန်အေးဆေးသူဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ ပြဿနာရှာတာမျိုးမရှိသူဖြစ်ကြောင်း၊ ပညာရေးမပြီးဆုံးသေးပဲ အခုလို စောစီးစွာ သူတို့နဲ့ ခွဲခွာသွားရမည်ဟု ဘယ်တုန်းကမျှ ထင်မှတ်မထားကြောင်း ဝမ်းနည်းပူဆွေးစွာ ပြောကြားခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်း ယခုအဖြစ်ဆိုးမှာ ပါဝင်ခဲ့ပြီး စတေးခဲ့ကြရတဲ့ အပြစ်မဲ့ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပေးလိမ့်မယ်လို့ သူမအနေနဲ့ မျှော်လင့်ပါကြောင်း ပြောဆိုခဲ့ပါတယ်။

သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်ကြောင့် နိုင်ငံဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


14 Feb 2020     1,432 Views




RELATED

Most Popular of Special or Others

Most Popular of NEWS