BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ဆားရည် ပါးစပ်ထဲပက်ဖျန်းရာမှ ၄၆ ဦး ကူးစက်ခံရ

17 Mar 2020     1,436 Views


လက်ရှိအနေအထားအရ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်းမှာ တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းရမည်ဖြစ်ပြီး နှာခေါင်းစည်း ဝတ်ဆင်ကာ မကြာခဏ လက်ကို သန့်ရှင်းအောင် ဆေးကြောပေးရမည်သာ အရေးကြီးဆုံးဖြစ်သည်။ ဒါပေမယ့် အချို့သူတွေအတွက်တော့ ဒီအချက်တွေကို လိုက်နာရန် ခက်ခဲကောင်း ခက်နေပါလိမ့်မည်။ ဒီထက်ပိုဆိုတာကတော့  သတင်းအမှား၊ နည်းလမ်းအမှားတွေကိုယုံပြီး ပေါက်ကရ အလွယ်နည်းလမ်းတွေ လိုက်မိတာကြောင့် ဗိုင်းရပ်စ်ကူးစက်မှုဟာ ပုံမှန်ထက် ပိုမိုမြန်ဆန်နေရတဲ့ အဓိကအကြောင်းရင်းအချက်လည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဂေအိုဂီစီရင်စုက River of Grace Community ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုမှာ ဝတ်ပြုဆုတောင်းရန် လာရောက်ကြသူများကို ဘုန်းတော်ကြီးက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်သည့်အနေဖြင့် ဘုရားကျောင်း အဝင်ဝကနေ ဆီးကြိုကာ တစ်ဦးချင်းစီ၏ ပါးစပ်ထဲသို့ ဆားရည်ထည့်ထားသော ရေဖျန်း စပရေးဗူးဖြင့် ပက်ဖျန်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဘုရားကျောင်း လာတက်ခဲ့သူ အနည်းဆုံး လူ ၁၀၀ မှာ ၄၆ ဦး ကိုရိုနာဗိုင်းရပ် Covid-19 ကူးစက်ခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက် တနင်္လာနေ့ တစ်ရက်ထဲမှာပင် ကူးစက်ခံရသူ ၇၄ ဦးထိ ရှိလာပြီး တောင်ကိုရီးယားတွင် အမှုပေါင်း ၈,၂၃၆ မှုထိ ရှိလာခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌါက ဘုရားကျောင်းတွင် တပ်ဆင်ထားသော စီစီတီဗီရုပ်သံကို ပြန်လည်စစ်ဆေးကြည့်ခဲ့ရာ ဘုန်းတော်ကြီးက တစ်ယောက်ချင်းစီကို ပါးစပ်ဟခိုင်းပြီး ဆားရည်တွေ ပက်ဖျန်းပေးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဆားရည်ဖျန်းပက်ခံရသူတွေဟာ အဲဒီမတိုင်မီက ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း မရှိသေးသော်လည်း နောက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာတွေ ပြခဲ့ပြီးနောက် စစ်ဆေးကြည့်ရာ ကူးစက်ခံနေရကြောင်း သိရှိခဲ့ရပါတယ်။

ဘုရားကျောင်းမှ ဘုန်းတော်ကြီး ‘ကင်မ်’ က သူ့ရဲ့လုပ်ရပ်အမှားကြောင့် အခုလို အစုလိုက်အပြုံလိုက် ကူးစက်ခံလိုက်ရတဲ့အပေါ် အလွန်ဝမ်းနည်းမိပါကြောင်း ပြန်လည်တောင်းပန်ထားပါတယ်။ ဒီဖြစ်စဉ်အတွက် သူ့ကိုဝိုင်းဝန်းအပြစ်ဖို့ ဝေဖန်နေကြပါတယ်။ ‘ကင်မ်’ က သူ့အနေနဲ့ ဒီအဖြစ်ဆိုးကြီး ပြီးသွားရင် ဘုန်းကြီးဘဝကနေ အနားယူတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဒေသခံအာဏာပိုင်တွေက မျက်နှာစုံညီ ဝတ်ပြုဆုတောင်း ဘုရားရှိခိုးတာတွေ မပြုလုပ်ဖို့ တိုက်တွန်းထားသော်လည်း အချို့သော ဘုရားရှိခေိုးကျောင်းတွေက ခေါင်းမာစွာနဲ့ ထုတ်ပြန်ချက်တွေကို လစ်လျူရှုပြီး လုပ်နေကြအတိုင်း ပြုကျင့်နေကြဆဲဖြစ်ကြောင်း Yonhap News တွင် ‌ဖော်ပြထားသည်။


17 Mar 2020     1,436 Views




RELATED

Most Popular of Special or Others

Most Popular of NEWS