BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်နဲ့ အဆင်ပြေမယ့် မင်္ဂလာဆောင်နည်းအသစ်

18 Mar 2020     1,375 Views


လက်ရှိကမ္ဘာ့တစ်လွှားက နိုင်ငံအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေးဖြစ်စေနိုင်သည့် ရုပ်ရှင်ရုံ၊ စာသင်ကျောင်း၊ စက်ရုံ အစရှိသည်တို့ကို ခတ္တပိတ်ထားကြပါတယ်။ ဒါ့အပြင် လူပရိသတ်များနဲ့ ကျင်းပပြုလုပ်ရသည့် ပွဲလမ်းသဘင်များ အပါအဝင် လူမှုရေးကိစ္စများကိုလည်း မပြုလုပ်ကြရန် နှိုးဆော်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေမှာ ဥရောပမှာဆိုရင် အီတလီနိုင်ငံက အဆိုးရွားဆုံးဖြစ်နေပြီး အရှေ့တောင် အာရှမှာတော့ မလေးရှားနိုင်ငံက ဦးဆောင်နေပါတယ်။

မလေးရှားနိုင်ငံမှာ လူ ၅၀ ဦးထက်ကျော်တဲ့ ပွဲလမ်းသဘင်တွေကို ပြုလုပ်ခွင့်ပိတ်ပင်ထားပြီး မတ်လ ၁၈ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့ထိ မင်္ဂလာဆောင်၊ နာရေးကိစ္စများ လူစုလူဝေးနဲ့ တက်ရောက်ခြင်းကို တင်ကြပ်စွာ ထိန်းချုပ်ထားပါတယ်။

အခုလို တားမြစ်ထားတဲ့ ကြားထဲကနေ ကိုရိုနာဗိုင်းရပစ် Covid-19 ကြောင့် ချစ်သူတွေ ဝေးနေကြရဦးမယ့်အဖြစ်ကို မလိုလားတဲ့ မင်္ဂလာဇနီးမောင်နှံက ကိုရိုနာဗိုင်းရပ်စ်နဲ့လည်း သင့်လျှော်၊ အန္တရာယ်လည်းကင်း၊ မိတ်ဆွေသင်္ဂဟတွေလည်း စုံညီစွာတက်ရောက်နိုင်တဲ့ မင်္ဂလာပွဲတစ်ခုကို စိတ်ကူးပုံဖော်ပြီး မတ်လ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

သူတို့ဟာ ပန်းခြံတစ်ခုထဲက ကားသွားနိုင်တဲ့ ပတ်လမ်းတစ်ခုရဲ့ ပလက်ဖောင်းပေါ်မှာ မင်္ဂလာအခမ်းအနားလေးတစ်ခု ပြင်ဆင်ပြီး သတို့သားနဲ့ သတို့သမီးက ခုံတန်းလေးပေါ်မှာ ထိုင်နေကြပါတယ်။ သူတို့ရဲ့ အရှေ့မှာတော့ မင်္ဂလာလက်ဖွဲ့ငွေထည့်နိုင်ဖို့ ပုံးလေးတစ်လုံးချထားပါတယ်။

သူတို့ရဲ့မင်္ဂလာဆောင်ကို လာကြသူတွေက ကားတွေကို ပတ်မောင်းလာပြီး ကားပေါ်က မဆင်းပဲ ခတ္တမျှရပ်ကာ ကိုယ်အမူအယာနဲ့ နှုတ်ဆက်ကြပြီး လက်ဖွဲ့ငွေထည့်ကြပါတယ်၊ မင်္ဂလာမောင်နှံကလည်း သူတို့ရဲ့ လက်တွေကို ရင်ဘတ်ပေါ်တင်ထားကြပြီး အသိမှတ်ပြုကြောင်း ပြသကာ ကျွေးမွေးဖို့ ပြင်ဆင်ထားတဲ့ အစားသောက်တွေကို အထုတ်လေးတွေနဲ့ ပြန်ကမ်းကြပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့နှုတ်ဆက်ခြင်း မရှိသလို ဗိုင်းရပ်စ်မပြန့်ပွားစေရန် ညွှန်ကြားထားသော လုံလောက်တဲ့ အကွာအဝေးကနေသာ နှုတ်ဆက်ကြတာမို့ ဒီမင်္ဂလာဆောင်လေးဟာ အခုလို ကိုရိုနာဗိုင်းရပ်စ်ကာလမှာတော့ အသင့်တော်ဆုံး အဆင်အပြေဆုံး မင်္ဂလာပွဲလေးတစ်ပွဲအဖြစ် အောင်မြင်ပြီးမြောက်ခဲ့ပါတယ်။

မင်္ဂလာမောင်နှံရဲ့ စိတ်ကူးကောင်းပုံလေးကို ဝိုင်းဝန်းချီးကျူးထားပြီး သူတို့ရဲ့ ဓါတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာ မျှဝေမှုတွေ များပြားနေပါတယ်။


18 Mar 2020     1,375 Views




RELATED

Most Popular of Special or Others

Most Popular of NEWS