BEC-TERO TV

အာရှတစ်ခွင် ဒုက္ခကြုံနေရတဲ့ အထည်ချုပ်စက်ရုံအလုပ်သမားများထဲ မြန်မာနိုင်ငံလည်းပါဝင်

19 May 2020     1,641 Views


Lockdown ချထားခြင်းနဲ့ နဲ့ အော်ဒါအမှာစာများ ပယ်ဖျက်လိုက်တာတွေကြောင့် အထည်ချုပ်စက်ရုံတွေ ပိတ်လိုက်ရပြီး  ဘင်္ဂလာဒေ့ရှ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့မှ ထောင်သောင်းချီတဲ့ အထည်ချုပ်အလုပ်သမားများ အလုပ်ရပ်နားခြင်းခံခဲ့ရပါတယ်။ အဲဒီအထဲကမှ မြန်မာနိုင်ငံက စက်ရုံအလုပ်သမလေး ‘ဇာခြည်လွင်’ ရဲ့ အကြောင်းကို နိုင်ငံတစ်ကာသတင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။

မဇာခြည်လွင် ဟာ ဗြိတိသျှအမှတ်တံဆိပ် Next အတွက် ဆောင်းတွင်းကုတ်အင်္ကျီတွေ ချုပ်လုပ်ပေးရတဲ့ စက်ရုံမှ အချုပ်သမလေးဖြစ်ပါတယ်။ Covid-19 ကြောင့် အမှာစာအော်ဒါတွေ လျော့ကျလာပြီးနောက်မှာ စက်ရုံကို ပိတ်လိုက်တဲ့အတွက် မိသားစု စားဝတ်နေရေးကို ဖြေရှင်းဖို့ သူမရဲ့ တစ်ခုတည်းသော လက်ကောက်လေးနှစ်ရံကို ငွေကျပ်နှစ်သိန်းနီးပါးနဲ့ ရောင်းချလိုက်ရပါတယ်။

မဇာခြည်လွင် (၂၉)နှစ် က အသက် ၅၆ နှစ်အရွယ် မိခင်နဲ့အတူ ရန်ကုန်မြို့ပြင်က ဆင်ခြေဖုံးရပ်ကွက်ရဲ့ အဆောင်တစ်ခုမှာ နေထိုင်ပပါတယ်။ မိခင်ကလည်း အဆုပ်ရောဂါသည်ဖြစ်တာကြောင့် ဆေးကုသဖို့ကုန်ကျစရိတ် အခက်အခဲရှိနေပါတယ်။ သူမမှာ ပုံမှန်ဝင်ငွေရတဲ့ အလုပ်လေးရှိနေရင် သူ့အမေကို ဆေးကုပေးဖို့ အဆင်ပြေမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိဖြစ်နေတာကြောင့် သူတို့မိသားစု ဘာဆက်လုပ်ရမလဲ ဆိုတာတောင် မသိတော့ဘူးလို့ ဆိုပါတယ်။

ဗြိတိန်မှာရှိတဲ့ Next အရောင်းဆိုင်တွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လကတည်းက ယာယီပိတ်ထားခဲ့ရပါတယ်။ ဒါပေမယ့် ကုမ္ပဏီကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ သူ့ကိုပံ့ပိုးနေတဲ့ စက်ရုံတွေအပေါ် မျှတမှုရှိအောင် အမှာစာအော်ဒါအချို့ကိုပဲ ပယ်ဖျက်ခဲ့တာပါလို့ ဆိုပါတယ်။ မဇာခြည်လွင် အလုပ်လုပ်ကိုင်ခဲ့တဲ့ KGG စက်ရုံကို ဆက်သွယ်ခဲ့ရာမှာ တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

လက်လီအရောင်းဆိုင်ကြီးများက အထည်ချုပ်စက်ရုံတွေကို အမှာစာတင်ရာမှာ သုံးလကြိုတင်မှာကြပြီး အားလုံးပြီးစီး၊ ပစ္စည်းလက်ခံရရှိတော့မှ ငွေအကြေချေလေ့ရှိကြသည်။ ကိုရိုနာဗိုင်းရပ်စ် ကာလမှာ မှာထားပြီးသား အော်ဒါအချို့ကို ပြန်လည်ရုပ်သိမ်းခဲ့ကြခဲ့ပေမယ့် စက်ရုံဘက်က ချုပ်လုပ်နေရင်းတန်းလန်းဖြစ်နေတဲ့ အော်ဒါတွေကိုတော့ ငွေပေးချေဖို့ သဘောတူထားကြပါတယ်။ ဒီလိုလုပ်လက်စ တန်းလန်း အော်ဒါတွေ ပြီးပြတ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံ ၄,၀၀၀ ပြန်လည်ဖွင့်နေပြီဖြစ်ကြောင်း အထည်ချုပ်စက်ရုံအသင်းကြီးမှ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၆၀၀ ဝန်းကျင်ရှိတဲ့အထဲက ၁၅၀ ‌လောက် ပိတ်သွားချိန်မှာ ကမ္ဘောဒီယားမှာလည်း စက်ရုံ ၆၀၀ ထဲကနေ ၂၀၀ လောက် ပိတ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်ရုံအများစုဟာ လူခွာနေခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ အခြားသောအကြောင်းတို့နဲ့ ပက်သက်ပြီး အခက်အခဲတွေရှိနေသေးတာကြောင့် စက်ရုံပြန်ဖွင့်နိုင်ဖို့အတွက် ရုန်းကန်နေကြရဆဲဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရဲ့ စီးပွားရေးဏ္ဍမှာ အထည်ချုပ်လုပ်ငန်းတွေက လျှင်မြန်စွာတိုးတက်ခဲ့ပြီး နိုင်ငံပို့ကုန်ရဲ့ ၁၀% ဝန်းကျင်ရှိလာခဲ့ပါတယ်။ စက်ရုံတွေကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေ အလုပ်အကိုင်ရရှိစေပြီး ဆင်းရဲမွဲတွေမှုကနေ ကယ်တင်နိုင်ခဲ့ပါတယ်။

ရန်ကုန်မြို့အနီးက ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုံဟာ ရွေ့ပြောင်းအလုပ်သမားတွေအတွက်တော့ နေရပ်အိမ်သဖွယ် ဖြစ်လာခဲ့ပါတယ်။ Covid-19 ကာလမှာ အစိုးရက ပြည်သူတွေကို ရိက္ခာထောက်ပံ့မှုတွေ ပေးခဲ့ပေမယ့် မဇာခြည်လွင် တို့မိသားစုကတော့ ရိက္ခာရနိုင်တဲ့ သတ်မှတ်ချက်တွေထဲမှာ အကျုံးမဝင်ခဲ့လို့ မရခဲ့ကြဘူးလို့ ဆိုပါတယ်။ သူတို့မိသားစုဟာ မကွေးအနီးနားက ရွာလေးတစ်ရွာကဖြစ်ပြီး လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက အစ်ကိုဖြစ်သူ ကျောက်ကပ်ရောဂါသည်ကို ဆေးကုသဖို့စရိတ်အတွက် အိမ်ကိုရောင်းချခဲ့ပြီး ရန်ကုန်မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်။ အစ်ကိုဖြစ်သူကတော့ ကျောက်ကပ်ရောဂါနဲ့ပဲ ဆုံးပါးသွားခဲ့ပါတယ်။

ရန်ကုန်ရောက်ခါစမှာ အဆောင်မှာနေကြပြီး သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ စက်ချုပ်သင်ပြီး အထည်ချုပ်စက်ရုံမှာ အလုပ်ဝင်လုပ်နိုင်အောင် အချိန်ယူပြီး ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ မိသားစု စားဝတ်နေရေးအတွက် ရောင်းချလိုက်ရတဲ့ ရွှေလောက်ကောက်လေး နှစ်ရံဟာ သူမအနှစ်နှစ်အလလ စုဆောင်းထားတဲ့ ပိုက်ဆံတွေနဲ့ ဝယ်ခဲ့ရတာမို့ အခုလို ရောင်းပစ်လိုက်ရတာ စိတ်မကောင်းဖြစ်မိကြောင်း ပြောပြီး မျက်ရည်ကျခဲ့ပါတယ်။

“တစ်ခါတစ်လေကျရင် ကျွန်မကိုယ်ကျွန်မ သတ်သေချင်စိတ်ဖြစ်မိတယ်” လို့ ဝမ်းနည်းကြေကွဲစွာ ပြောပြပါတယ်။ သူမရဲ့ ဖခင်ကလည်း ပရိဘောဂစက်ရုံ တစ်ရုံမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ပြီး လက်ရှိမှာတော့ စက်ရုံပိတ်ထားရတာကြောင့် ဝင်ငွေမရှိတော့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကြီးကြောင့် မဇာခြည်လွင် တို့လို အခက်အခဲတွေ့နေတဲ့ မိသားစုတွေ၊ အလုပ်အကိုင်ပြန်ရဖို့ မျှော်လင့်နေကြတဲ့ အလုပ်လက်မဲ့တွေရဲ့ ဒုက္ခက ဘယ်လောက်ထိ ရှည်ကြာနေဦးမလဲဆိုတာ ရင်မောနေမိပါတယ်။

 

SCMP တွင် ပါရှိသော သတင်းကို ကိုးကားသည်။


19 May 2020     1,641 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS