BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ကို အနံ့ခံနိုင်ရန် ဂျာမန်သိုးထိန်းခွေးကို လေ့ကျင့်သင်ကြားပေး

22 May 2020     1,371 Views


ခွေးတွေဟာ အနံ့ခံတဲ့နေရာမှာ လူတွေထက် များစွာတော်တယ်ဆိုတာကိုတော့ အငြင်းပွားစရာမရှိပြီ။ သူတို့ဟာ လူတွေရဲ့နှာခေါင်းနဲ့ အာရုံခံလို့မရနိုင်တဲ့ လေထဲမှာ လွှင့်ပျံလာတဲ့ရနံ့တွေကို သိနိုင်တဲ့အပြင် အညစ်အကြေးတွေထဲကက ဇီဝရုပ်တွေကိုလည်း ခွဲခြားအနံ့ခံနိုင်စွမ်းရှိပါတယ်။ ဒီအစွမ်းအစကို အသုံးချပြီး Covid-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုရော အနံ့ခံနိုင်မလားဆိုတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ရန် လေ့ကျင့်သင်ကြားပေးနေပြီဖြစ်ပါတယ်။

ခွေးတွေဟာ လူသားတွေထက် အနံ့ခံစွမ်းရည်မှာ အဆပေါင်း တစ်သောင်းကနေ တစ်သိန်းထိ ပိုနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။ အမဲလိုက်ရာမှာ သားကောင်ကို အနံ့ခံဖို့ အကောင်းဆုံးခွေးတွေဖြစ်တဲ့ အင်းခွေးကြီးမျိုး၊ အမဲလိုက်ခွေးပုမျိုးနဲ့ ဂိုးလ်ဒင်းရထရီဗာ အမျိုးအစားတွေဟာ အနံ့ခံတဲ့နေရာမှာ အခြားခွေးမျိုးစိတ်တွေထက် ထူးချွန်ကြပါတယ်။

ဂျာမန်သိုးထိန်းခွေးတွေကို ပေါက်ကွဲစေတတ်တဲ့ ဗုံးရှာဖွေရာမှာ၊ မူးယစ်ဆေးဝါးရှာဖွေရာမှာ အများအားဖြင့် အသုံးပြုနေကြပါတယ်။ ဓါတ်ခွဲခန်းတွေမှာဆိုရင် ခွေးအမျိုးအစား မျိုးစုံကို ငှက်ဖျား၊ ကင်ဆာနဲ့ အကြောအားနည်းတဲ့ ပါကင်ဆန်ရောဂါတွေ ပါရှိတဲ့ ဆီးနမူနာတွေကို နမ်းရှုံ့ခိုင်းပြီး လေ့ကျင့်ပေးကြပါတယ်။

ဝါရှင်တန်ပြည်နယ်မှာရှိတဲ့ ပါကင်ဆန်ရောဂါဗေဒဌါန(PAD) က ခွေးတွေကို အကြောမသန်စွမ်းနဲ့ ရောဂါနဲ့ပက်သက်တာတွေကို ထောက်လှမ်းသိရှိဖို့ လေ့ကျင့်သင်ကြားထားပါတယ်။ PAD ရဲ့ ပရိုဂရမ်ဒါရိုက်တာဖြစ်သူ ‘လီဆာဟော့’ က “လေ့ကျင့်သင်ကြားပေးဖို့ သီတင်းပတ်များစွာ အချိန်ယူရပါလိမ့်မယ်၊ ဒီခွေးက အရင်တုန်းကဆိုရင် ပါကင်ဆန်ရောဂါသည် ၄၀၀ လောက်ကို အနံ့ခံပြီး ဖော်ထုတ်ပေးခဲ့ဖူးပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

နှစ်ပေါင်းအတော်ကြာ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ အဆိုပါအဖွဲ့အစည်းက အနံ့ခံခွေးတွေကိုသုံးပြီး ပါကင်ဆန်ရောဂါဖြစ်ဖို့ အစပျိုးနေတဲ့ လူနာတွေကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ စမ်းသပ်ခံရမယ့် လူတွေက တီရှပ်အင်္ကျီတွေကို ရက်အနည်းငယ်ကြာ ဝတ်ဆင်ထားပြီး သူတို့ရဲ့ခန္ဓာကိုယ်က ချွေးတွေ အနံ့အသက်တွေ တီရှပ်မှာ စွဲနေစေပါတယ်၊ အဲဒီနောက် တီရှပ်တွေကို ဓါတ်ခွဲခန်းပြန်ပို့ပြီး ခွေးတွေက ရောဂါရှိ၊ မရှိ အနံ့ခံပေးကြတာဖြစ်ပါတယ်။

ယခုအကြိမ်မှာလည်း အဆိုပါနည်းလမ်းအတိုင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါသည်တွေကို အနံခံရုံနဲ့ သိရှိနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်။


22 May 2020     1,371 Views




RELATED

Most Popular of International News

Most Popular of NEWS