BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ် ကိစ္စမှာ ယူအက်စ်က မဟုတ်မမှန်တွေ ဖြန့်ဝေနေကြောင်း တရုတ်စွပ်စွဲ

25 May 2020     1,353 Views


ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ပက်သက်ပြီး အမေရိကန်က လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်တွေ၊ အလိမ်အညာတွေကို ဖြန့်ဝေနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပြောဆိုခဲ့ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။

ယူအက်စ်ဟာ တရုတ်နိုင်ငံကို အမြဲတမ်းထိုးနှက်တိုက်ခိုက်နေတဲ့ အမေရိကန် နိုင်ငံရေးသမားအချို့ရဲ့ ‘နိုင်ငံရေးပယောဂ ဗိုင်းရပ်စ်’ ကူးစက်ခံနေရပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ‘ဝမ်းရီ’ က သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

သူက Covid-19 ကို အမေရိကန်တွေ တုန့်ပြန်နေတဲ့ ပုံစံမှာ ‘အချိန်ဖြုန်းနေတာတွေရပ်ပစ်ဖို့၊ တန်ဖိုးရှိလှတဲ့ အသက်တွေကို ဖြုန်းနေတာတွေ ရပ်တန့်ဖို့’ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့ခဲ့ပြီးနောက်ပိုင်းမှာ ဝါရှင်တန်နဲ့ ဘေဂျင်းရဲ့ ဆက်ဆံရေးတွေက ပိုမိုတင်းမာလာခဲ့ပါတယ်။

လက်ရှိမှာ နောက်တစ်ကြိမ်ရွေးကောက်ပွဲအတွက် ရင်ဆိုင်နေရတဲ့ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ဟာ ကပ်ရောဂါဆိုးကြီးကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ပက်သက်ပြီး ဝေဖန်ခံခဲ့ရသလို သူကလည်း ဒီကိစ္စကို တရုတ်က ဖုံးဖိထားခဲ့တယ်လို့ အပြစ်တင် ပြောဆိုထားပါတယ်။

ဒါပေမယ့် မစ္စတာဝမ်း က ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာလကတည်းက ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးကို ချက်ခြင်းအသိပေးပြီး တုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်း အခိုင်အမာပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲအခမ်းအနားမှာ မစ္စတာဝမ်း က “အချို့သော ယူအက်စ်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေက တရုတ်နဲ့ ယူအက်စ်ရဲ့ ဆက်ဆံရေးကို ဓါးစာခံလုပ်နေတာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်အင်အားစုတွေလည်း ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး၊ သို့သော် ဒီအဖွဲ့တွေက နှစ်နိုင်ငံကြားမှာ စစ်အေးတိုက်ပွဲဖြစ်ဖို့ ချောက်နှုတ်ခမ်းဝကို တွန်းပို့နေတယ် လို့ ပြောကြားခဲ့ပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကြီးအကျယ် အထိနာနေရတာနဲ့အတူ ယူအက်စ်မှာ နိုင်ငံရေးဗိုင်းရပ်စ် ရောဂါပိုးလည်း ပြန့်နေပြီ” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဟာ တရုတ်ရဲ့ ကြိုးဆွဲရာကနေရတဲ့ ရုပ်သေးရုပ်ပဲလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် WHO ရဲ့ အကြီးအကဲဖြစ်သူ Dr Tedros ထံကို ပေးပို့ခဲ့တဲ့ စာကိုလည်း လူမှုကွန်ယက် တွစ်တာပေါ်မှာ အများမြင်သာအောင် ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ ဓါတ်ခွဲခန်းတွေကို ဝင်ရောက်စစ်ဆေးဖို့ တောင်းဆိုထားတာနဲ့ပက်သက်ပြီး တရုတ်နိုင်ငံ အကြီးတန်းသံအရာရှိ ‘ချန်ဝမ်း’ က အခုလိုတောင်းဆိုတာဟာ နိုင်ငံရေးလှုံဆော်မှုနဲ့ အခြားတစ်ခုကို အာရုံလွှဲသွားတာကလွဲပြီး ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ကိစ္စနဲ့တော့ အတော်ကြီးဝေးပါတယ်ဟု ပြီးခဲ့တဲ့လက BBC ကို ပြောကြားခဲ့သည်။


25 May 2020     1,353 Views




RELATED

Most Popular of International News

Most Popular of NEWS