BEC-TERO TV

ထိုင်းက ကိုရိုနာဗိုင်းရပ်စ်ဆေးအသစ် တီထွင်ပြီး မျောက်များတွင်စမ်းသပ်

26 May 2020     1,384 Views


ကမ္ဘာ့ကပ်ရောဂါဆိုကြီး Covid-19 အတွက် ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်ရေး ဆေးအသစ်များကို ကမ္ဘာ့နိုင်ငံကြီးများက အပြိုင်အဆိုင်တီထွင်ဖော်စပ်ကြရာ ထိုင်းကလည်း ယှဉ်ပြိုင်မှုမှာ ပါဝင်လာပါတယ်။ လက်ရှိအခြေအနေမှာတော့ ကိုရိုနာဗိုင်းရပ်စ် ဆေးအသစ်ကိုမက္ကာကေးမျောက်များတွင် ထိုးသွင်းစမ်းသပ်နေပြီး အောင်မြင်ခဲ့ရင်တော့ လာမယ့် ၂၀၂၁ ခုနှစ်မှာ ဈေးနှုန်းချိုသာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆေးကို ထုတ်လုပ်ဖြန့်ဖြူးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သုတေသီများက မေလ ၂၅ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးစမ်းသပ်မှုပေါင်း ၁၀၀ ကျော်ရှိနေပြီး အဲဒီထဲက အနည်းဆုံး (၈)မျိုးကို လူသားတွေမှာထိုးသွင်းပြီး ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေ ပြုလုပ်ဖို့ ခွင့်ပြုထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ သိရသည်။

ဒီစမ်းသပ်မှုတွေထဲမှာ အောက်စ်ဖို့ဒ်တက္ကသိုလ်က သုတေသီတွေက အောင်မြင်ဖို့အတွက် ကံထူးရှင်တွေဖြစ်နိုင်ချေများနေပြီး ချင်ပန်စီမျောက်တွေမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်အမျိုးမျိုးတို့ကို အခြေခံထားတဲ့ မတူညီတဲ့ စမ်းသပ်မှုတွေကို ပြီးခဲ့တဲ့လကတည်းကစတင်ခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရှိ အမျိုးသားပရိုင်းမိတ်လေ့လာစူးစမ်းရေးစင်တာမှ ကြီးကြပ်ကွပ်ကဲသူ ဒေါက်တာ ဆူချင်ဒါ မလေဗီဂျီနွန် က ပြီးခဲ့တဲ့စနေနေ့က မျောက် ၁၃ ကောင် အုပ်စုတစ်စုကို ဆေးထိုးစမ်းသပ်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံကထုတ်တဲ့ ဆေးဟာ ဥရောပနဲ့ အမေရိကတို့ကထုတ်လုပ်မယ့် ဆေးတွေထက် ဈေးသက်သက်သာသာနဲ့ ရလာဖို့ မျှော်လင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

အခုလိုမျိုး မျောက်တွေနဲ့ စမ်းသပ်စစ်ဆေးတဲ့အဆင့်ဟာ ကြွက်တွေမှာ စမ်းသပ်အောင်မြင်ခဲ့ပြီးနောက် တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ မျောက်တွေမှာ စမ်းသပ်မှုအောင်မြင်သွားပါက လူတွေကို လာမယ့် အောက်တိုဘာလမှာ စမ်းသပ်သွားမှာဖြစ်ပါတယ်။

စမ်းသပ်နေတဲ့ဆေးတွေကို ယူအက်စ်မှာရှိတဲ့ ပန်ဆယ်ဘေးနီးယန်းတက္ကသိုလ်နဲ့ ပူးပေါင်းပြီး mRNA ကို အခြေခံထားတဲ့ နည်းပညာအသစ်ကို အသုံးပြုနေတာဖြစ်ပါတယ်။ ဒီဆေးကိုထိုးသွင်းလိုက်တာနဲ့ မျိုးဗီဇတွေအချိန်တိုတွင်းပြန့်နှံ့ပြီး ဗိုင်းရပ်စ်ကိုတိုက်ခိုက်ဖို့အတွက် ခုခံအားစနစ်ကို ပရိုတိန်းတွေ ထုတ်လုပ်ဖို့ ချက်ခြင်း လှုံ့ဆော်ပေးမှာဖြစ်ပါတယ်။

အခြားသော ဆေးကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ Pfizer နဲ့ Moderna (အမေရိကန်အခြေစိုက်) တို့ကလည်း အလားတူ နည်းပညာသုံးပြီးကာကွယ်ဆေးသစ်ကို ဖော်စပ်နေကြပါတယ်၊ ပြီးခဲ့တဲ့ သီတင်းပတ်က သူတို့တွေရဲ့ စမ်းသပ်မှုမှာ ရလာဒ်ကောင်းများ ရရှိခဲ့ကြောင်းသိရသည်။


26 May 2020     1,384 Views




RELATED

Most Popular of International News

Most Popular of NEWS