BEC-TERO TV

ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းများ

22 Jun 2020     1,949 Views


သင့်ခန္ဓာကိုယ်က ချွေးနံ့ထွက်၊ ခံတွင်းနံ့နံနေလို့ စိတ်ဒုက္ခရောက်နေလား?? စိတ်ညစ်နဲ့တော့နော်။ ဖြေဆေးပေးမယ်။ ချွေးနံ့တွေလည်းပျောက် စိတ်ညစ်တာလည်းပြေဖို့ ဖြေဆေးလေးတွေလေ။ ယူလိုက်နော်..။


Hygiene

- ချွေးနံ့မနံချင်ရင် ခံတွင်းနံ့မနံချင်ရင် တကိုယ်ရည်သန့်ရှင်းရေးကိုတော့ ဂရုစိုက်ရမှာပေါ့။

- သွားကို မနက်တကြိမ် ညတကြိမ် မှန်မှန်တိုက်၊ အစာစားပြီးတိုင်း ပလုတ်ကျင်းရင်တော့ ခံတွင်းက နံတာသက်သာသွားလိမ့်မယ်နော်။

- ချွေးနံ့တွေအတွက်ကတော့ နေ့တိုင်း ရေမှန်မှန်ချိုးပါ။

- ရေချိုးတယ်ဆိုရုံလေး ရေပဲချိုးလို့ မရသေးဘူး။

- ခန္ဓာကိုယ်က ချွေးတွေ ဂျီးတွေသန့်စင်ဖို့ သင့်တော်တဲ့ဆပ်ပြာ သို့မဟုတ် ဆပ်ပြာရည်ကိုလည်း သုံးပါ။

- ချွေးထွက်များတဲ့ နေရာတွေဖြစ်တဲ့ ရင်သားအောက်၊ ချိုင်းတွေ၊ ပေါင်ခြံတွေနဲ့ ခြေဖဝါး၊ ခြေချောင်းကြား တွေကို သေချာသန့်စင်ပေးဖို့ မမေ့နဲ့နော်။

- ပြီးတော့ ဘက်တီးရီးယားတွေ ခိုအောင်းပေါက်ဖွားနေနိုင်တဲ့ ဂျိုင်းမွှေးတွေကိုလည်း ပုံမှန်ဖယ်ရှားပေးပါ။


 

Reduce Sweating

- ချွေးထွက်များတဲ့သူတွေဟာ ချွေးနံ့နံတယ်ဆိုတာမဆန်းပါဘူး။

- တကယ်လို့ သင်ချွေးထွက်များတာဟာ အားကစားလုပ်ပြီးချိန်တွေမှာပဲဆိုရင်တော့ မစိုးရိမ်နဲ့နော်။

- လူတိုင်းက အဲ့ဒီအချိန်ချွေးနံ့နံတာ သိပါတယ်။

- အားကစားတူတူလုပ်တဲ့သူတွေကြားမှာဆိုရင်တော့ သူများချွေးနံ့တွေနဲ့ ရောပြီး ကိုယ့်ချွေးနံ့က မသိသာနိုင်ဘူးလေ။

- ချွေးထွက်တာက အလုပ်ကစိတ်ဖိစီးမှု၊ စာမေးပွဲကစိတ်ဖိစီးမှုတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။

- ချွေးထွက်အရမ်းများပြီး ချွေးနံ့နံတတ်သူတွေက ချွေးထွက်နည်းစေတဲ့ အယ်ကိုဟောမပါတဲ့ Antiperspirant Roll On တွေ သုံးပေးလို့ရတယ်နော်။

- ချွေးထွက်ခြင်းကိုအားပေးတဲ့ ရှုးရှုးရှဲရှဲ ပူပူလောင်လောင်အစားအစာတွေကိုတော့ ရှောင်ပေါ့။

- ပြီးတော့ ချွေးထွက်အရမ်းများတဲ့သူတွေဟာ ပွပွချောင်ချောင် ချည်သားလေးတွေ ဝတ်ပါ။

- တရက်ကို ရေ  ၂ ကြိမ် ၃ ကြိမ် ချိုးပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

- ရေချိုးတဲ့အခါ ချိုင်းကို ကျောက်ချဉ်နဲ့ ပွတ်ပေးတာ၊ ရေချိုးပြီးရင် ချိုင်းကို ထုံးရည်ကြည်လေး ပွတ်ပေးတာကလည်း ချိုင်းချွေးနံ့ သက်သာစေနိုင်တယ်နော်။


 

Keep Clothes Dry and Clean

- အဝတ်အစားတွေကို နေ့တိုင်းမှန်မှန်လဲပါ။

- အတွင်းခံတွေကိုလည်း နေ့တိုင်း လျှော်ပေးရမယ်နော်။

- ပြီးတော့ အဝတ်အစားတွေကို အဝတ်တွေကိုချိတ်ဆွဲနိုင်တဲ့ ဗီရိုထဲမှာ ချိတ်ပြီးထားရင် အကောင်းဆုံးပဲနော်။

- အဝတ်တွေကို အမြဲခြောက်သွေ့နေစေပြီး ဘက်တီးရီးယားပိုးတွေကိုလည်း သေစေနိုင်တယ်လေ။


 

Wash Hand

- လက်ဆိုတာက ဟိုကိုင်ဒီကိုင်နဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့နိုင်မှု အများဆုံးပဲလေ။

- လက်ကို ခဏခဏ ဆေးပေးပါ။

- တစ်နေ့ကို အနည်းဆုံး သုံးကြိမ် လေးကြိမ်လောက်တော့ လက်ဆေးသင့်တယ်နော်။


 

Choose Right Food

ခံတွင်းနံ့တွေ ချွေးနံ့တွေနံတတ်ရင်တော့ စားချင်တာစားလို့ မရဘူးနော်။

- အစားအစာကို ရွေးချယ်စားသုံးပါ။

- ချွေးနံ့ဟာ ခန္ဓာကိုယ်က အစာချေဖျက်ပြီး ထွက်လာတာတွေနဲ့ ဆိုင်တယ်လေ။

- အဲဒီတော့ ကိုယ့်ရဲ့ချွေးနံ့ဟာ ကိုယ်စားတဲ့စားစရာတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာပေါ့။

- ဒါကြောင့် ချွေးနံ့ဆိုးတွေ ထွက်စေတဲ့ အနီရောင်အသားတွေ၊ အရက်၊ ကော်ဖီ၊ ဆီကြော်အစားအစာတွေနဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ အသင့်စားနိုင်တဲ့ အစားအသောက်တွေကို လျှော့စားရမယ်နော်။

- ပြီးတော့ ချွေးနံ့နံတတ်ရင်၊ ခံတွင်းနံ့နံတတ်ရင် စားတဲ့အစားအသောက်ထဲမှာ ဂျင်း၊ ကြက်သွန်ဖြူစတဲ့ အနံ့ပြင်းတာတွေကို ထည့်မစားပါနဲ့။

- အရမ်းစားချင်ရင် ညဘက်တွေလည်း အပြင်ထွက်စရာမရှိရင်တော့ ညစာမှာထည့်စားပေါ့နော့။

- မနေနိုင်လို့ လူရှေ့သူရှေ့စားမိသွားပြီဆိုရင်တော့ ခံတွင်းအနံ့ပျောက်အောင် ပီကေဝါးလို့ရတယ်။

- ပူရှိန်းသကြားလုံးလေးတွေနဲ့ ပါးစပ်ဖြန်းဆေးတွေ၊ ပလုပ်ကျင်းတဲ့ဆေးရည်တွေကိုလည်း အားကိုးလို့ရပါသေးတယ်။

- အဲဒီတော့ ချွေးနံ့ ခံတွင်းနံ့နံတတ်သူတွေက အသီး အရွက်တွေများများစား၊ ရေကိုလည်း များများသောက်ပေးနော်။

- ဒါဆိုရင် ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်စေတဲ့အပြင် ဝမ်းချုပ်လို့ ချွေးနံ့ထွက်၊ ခံတွင်းနံ့နံတာကလည်း ကာကွယ်ပြီးသား ဖြစ်သွားမယ်လေ။

- အော်.. ကျောက်ဖရုံယိုတို့ ရွှေဖရုံသီးတို့ စားရင်လည်း ချွေးနံ့သက်သာတယ်နော်။


 

Give Up Smoking

- ဆေးလိပ်သောက်တဲ့သူဆိုရင် ဆေးလိပ်ဖြတ်ပါတော့။

- ဆေးလိပ်သောက်ရင် ဆေးလိပ်နံ့တွေ အဝတ်အစားပေါ်မှာ စွဲကျန်စေတယ်ဆိုတာကိုတော့ လူတိုင်းသိတာပဲ။

- ပြီးတော့ ခန္ဓာကိုယ်က အနံ့ကိုထိန်းချုပ်နိုင်တဲ့စနစ်တွေကိုလည်း ယိုယွင်းစေတယ်လေ။

- ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ကြိုးစားနော်။

- ကိုယ်က ဆေးလိပ်အရမ်းစွဲနေလို့ ကိုယ်တိုင်ဖြတ်လို့ မရဘူးဆိုရင်တောင် ဆေးလိပ်ဖြတ်ပေးတဲ့နေရာတွေမှာ သွားဖြတ်လို့ရတာပဲလေ။


 

Consult with Doctor

- ဘယ်လိုပဲ ကြိုးစားပေမယ့် ခံတွင်းနံ့နံတုန်း ချွေးနံ့နံတုန်းပဲဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူရတော့မှာပေ့ါနော်။

ကဲ.. ဒီလောက်ဆိုရင်တော့ ချွေးနံ့ထွက်၊ ခံတွင်းနံ့နံနေလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေအတွက် နဲနဲဖြစ်ဖြစ်အထောက်အကူဖြစ်မယ် ထင်ပါတယ်။ ကြိုးစားကြည့်အုံးနော် သူငယ်ချင်းတို့..

ကိုယ့်ကိုယ်ကို ချွေးနံ့နံလား မနံလား၊ ကိုယ့်ခံတွင်းနံ့က ဘယ်လိုလဲ မသိသူတွေ ကိုယ့်ကိုယ်ကို ဆန်းစစ်နိုင်ဖို့

ကိုယ်သင်းရနံ့ဆန်းစစ်ကြည့်စို့.။

 

 

 


22 Jun 2020     1,949 Views




RELATED

Most Popular of Special or Others

Most Popular of Life Style