BEC-TERO TV

ကျောင်းတွေပြန်ဖွင့်တော့မှာမို့ မရှိဆင်းရဲကလေးများအတွက် ကျောင်းသုံးပစ္စည်းများလှူဒါန်းပေးသွားမယ့် Sinon Loresca

25 Jun 2020     1,622 Views


ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကြီး LGBT မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Sinon Loresca ကတော့ မြန်မာပြည်ကိုရောက်ရှိနေတာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။ လှပတဲ့မြန်မာပြည်ကြီးနဲ့ ဖော်ရွေပျူဌာတဲ့မြန်မာလူမျိုးတွေကိုချစ်တယ်ဆိုတဲ့ Sinon က ဒီမှာနေထိုင်နေစဉ် ၁၀ လတာကာလအတွင်းမှာ အလှူအတန်းတွေအများကြီးကို ပြုလုပ်နေတာ အားလုံးလဲတွေ့မြင်ကြရမှာပါ။

သူကိုယ်တိုင်က နိမ့်ပါးတဲ့ဘ၀မှာကြီးပြင်းလာခဲ့သူမို့ မရှိဆင်းရဲသူများ၊ ချို့တဲ့နွမ်းပါးသူများအပေါ်မှာ ကိုယ်ချင်းစာတရားအပြည့်ဖြင့် အလှူအတန်းတွေကို မကြာခဏပြုလုပ်ပေးနေတာဖြစ်ပါတယ်။ တိုင်းတစ်ပါးသားပေမယ့် မြန်မာပြည်သူတွေရဲ့ဘ၀အခက်အခဲတွေကို တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်ပါဝင်ကူညီလှူဒါန်းပေးနေတဲ့ Sinon ရဲ့ မွန်မြတ်တဲ့စိတ်ထား၊ ရိုးသားဖြူစင်တဲ့စိတ်ထားလေးကို မြန်မာပရိသတ်တွေက ချစ်ခင်လေးစားပြီး Sinon ကိုပိုမိုချစ်ခင်လာကြတာတွေ့ရပါတယ်။

စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အခြေခံလူတန်းစားများ၊ မရှိဆင်းရဲ နွမ်းပါးတဲ့ အိုးအိမ်မဲ့များကို မကြာခဏလှူဒါန်းတွေပြုလုပ်နေတဲ့ Sinon က ယခုလည်း မကြာခင်အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် ကလေးများအတွက် ကျောင်းသုံးပစ္စည်းများကိုလှူဒါန်းရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Sinon က စားဝတ်နေရေးအခက်အခဲကြောင့် လမ်းပေါ်မှာပန်းရောင်းနေရတဲ့ကလေးငယ်များအတွက် လွယ်အိတ်၊ စာအုပ်၊ ခဲတံ၊ ဘောပင် စသည့် ကျောင်းသုံးပစ္စည်းများကို လှူဒါန်းပေးသွားမည်ဆိုတဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ “ကျောင်းတွေ မကြာခင်ပြန်ဖွင့်တော့မယ်နော် ကျတော်ကတော့ လမ်းပေါ်က‌ ပန်းရောင်းနေကျတဲ့ကလေးလေး‌တွေအတွက် ကျောင်းပစ္စည်းလေးတွေ ပေးဖို့ပြင်စဉ်နေပါပီ… ကျတော်တတ်နိုင်သလောက်ကူညီတာလေးက သူတို့ကို ပျော်ရွှင်မှုရရှိစေမယ်လို့ ကျတော်မျှော်လင့်ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

 

(ပိုပိုလေး)


25 Jun 2020     1,622 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment