BEC-TERO TV

သန်းကြွယ်သူဌေးဖြစ်သွားတဲ့ တန်ဇနီးယား ကျောက်တူးသမား

26 Jun 2020     1,429 Views


တန်ဇနီးယားကကျောက်တွင်းငယ်ပိုင်ရှင် တစ်ယောက်ဟာ တန်ဇနိုက်ကျောက်ရိုင်း နှစ်တုံးကို ရောင်းချပြီး နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်သွားပါတယ်။ နှစ်တုံးပေါင်း အလေးချိန် ၁၅ ကီလိုဂရမ်ရှိတဲ့ ကျောက်ရိုင်းတုံးတွေအတွက် တန်ဇနီးယား အစိုးရသတ္တုတွင်းဝန်ကြီးဌာနက ဒေါ်လာ ၃ ဒသမ ၄ သန်းပေး ဝယ်ယူလိုက်တာပါ။

မနက်ဖြန်မှာ ပါတီပွဲလုပ်မယ်လို့ ကျောက်တွင်းငယ်ပိုင်ရှင် ဆန်နီနူးလိုင်ဇာက ပြောပါတယ်။ သူဟာ သားသမီးစုစုပေါင်း ၃၀ ကျော်ရှိတဲ့ ဖခင်တယောက်ဖြစ်ပါတယ်။ တန်ဇနိုက်ကျောက်မျက်ကို တန်ဇနီးယားနိုင်ငံမြောက်ပိုင်းမှာသာ တွေ့ရပါတယ်။ လက်ဝတ်လက်စားတွေထဲမှာ ထည့်သွင်း အလှဆင်လေ့ရှိပါတယ်။

တန်ဇနိုက်ကျောက်ဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးတွေထဲက တမျိုးပါ။ ဒေသတွင်း ဘူမိဗေဒပညာရှင်တစ်ယောက်ရဲ့ ခန့်မှန်းချက်အရ နောင်နှစ်ပေါင်း ၂၀ ကြာရင် တန်ဇနိုက်ကျောက်ဟာ လုံးဝကွယ်ပျောက်ဆိတ်သုဥ်းသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ တန်ဇနိုက်ကျောက်ရဲ့ ဆွဲဆောင်အားက အစိမ်း၊ အနီ၊ ခရမ်း၊ အပြာတို့ ရောယှက်နေတဲ့ သူ့ရဲ့ အလင်းအမှောင် အရောင်အသွေးတွေဖြစ်ပါတယ်။ တန်ဖိုး အနည်းအများက ရှားပါးမှုအပေါ်မူတည်ပါတယ်။

အရောင်က သိမ်မွေ့လေလေ၊ ကြည်လင်လေလေ တန်ဖိုးကြီးကြီးရလေပါပဲ။ ဆန်နီနူးလိုင်ဇာဟာ ၉ ဒသမ ၂ ကီလိုဂရမ်ရှိတဲ့ ကျောက်တစ်လုံးနဲ့ ၅ ဒသမ ၈ ကီလိုရှိတဲ့ ကျောက်တစ်လုံးကို ပြီးခဲ့တဲ့ အပတ်က တူးဖော်ရရှိခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်း မန်နယားရားဒေသက ကျောက်မျက်ရောင်းချပွဲတစ်ခုမှာ ဗုဒ္ဓဟူးနေ့က ရောင်းချခဲ့ပါတယ်။

အရင်ကတွေ့ခဲ့ဖူးသမျှ တန်ဇနိုက်ကျောက်မျက်တွေထဲမှာ အကြီးဆုံးက ၃ ဒသမ ၃ ကီလိုဂရမ်ပဲရှိပါတယ်။ သမ္မတဂျွန်မဂူဖူလီက ဆန်နီနူးလိုင်ဇာကို ဖုန်းဆက်ဂုဏ်ပြုခဲ့ပါတယ်။ “အသေးစားကျောက်တူးလုပ်ငန်းတွေရဲ့ အကျိုးကျေးဇူးပါပဲ။ တန်ဇနီးယားဟာ ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဆိုတာ ဒါကသက်သေပြလိုက်တာပါပဲ”လို့ သမ္မတဂျွန်မဂူဖူလီကဆိုပါတယ်။

Credit : #popolay #popolaytv #news


26 Jun 2020     1,429 Views




RELATED

Most Popular of International News

Most Popular of NEWS