BEC-TERO TV

Y.G.W ပရဟိတမိဘမဲ့ဂေဟာသို့ ကျပ်သိန်း (၂၀) ကျော်ဖိုး သွားရောက်လှူဒါန်းခဲ့တဲ့ အဆိုတော်ယုန်လေး

06 Jul 2020     1,351 Views


အနုပညာအလုပ်တွေလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ဒုက္ခရောက်နေသူ အကူအညီလိုအပ်နေသူများကိုတွေ့ရင် လက်မနှေးစတမ်း တတ်နိုင်သလောက်လိုက်လံကူညီထောက်ပံ့ပေးနေတဲ့ အဆိုတော်၊သရုပ်ဆောင် ယုန်လေးကတော့ ပရိသတ်တွေလေးစားချစ်ခင်ရသူတစ်ယောက်ပါ။

ယုန်လေးဟာ အကူအညီလိုအပ်နေသူတွေကို တတ်နိုင်သမျှ လိုက်လံကူညီထောက်ပံ့ပေးရုံသာမက အနုပညာကိုဝါသနာပါပေမယ့် ကံအကြောင်းမလှလို့ ရှေ့ဆက်မတက်လှမ်းနိုင်တဲ့ ဝါသနာရှင်လူငယ်လေးများကိုလည်း မြေတောင်မြှောက်ပေးရင်း လက်တွဲခေါ်ယူပေးနေသူပါ။ တက်သစ်စ အဆိုတော်ဝါသနာရှင် လူငယ်များဖြစ်တဲ့ Rapper ကျားကြီးနဲ့ MC ကယားလေးတို့အပြင် ဝမ်းရေးအတွက် ပန်းရောင်းရင်းအသက်မွေးနေရတဲ့ A4 ကျော်စွာနဲ့ Min Z စသည့်လူငယ်ဝါသနာရှင်များကို သူနဲ့အတူ အနုပညာလမ်းကြောင်းထဲသို့ လက်တွဲခေါ်ယူရင်း မြေတောင်မြှောက်ပေးနေတာဖြစ်ပါတယ်။

ဒီလိုမျိုး သူတစ်ပါးအပေါ်စေတနာမေတ္တာအပြည့်ဖြင့် အကူအညီပေးတတ်တဲ့ ယုန်လေးရဲ့စိတ်ထားကို ပရိသတ်တွေက လေးစားရသလို ချစ်ခင်အားပေးနေကြတာဖြစ်ပါတယ်။ ယခုတစ်ခါမှာတော့ ယုန်လေးနဲ့ ရုပ်ရှင်လောကမှ ကိုလူချောအဖွဲ့တို့ပူးပေါင်းပြီး ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်၊ (၈၉) မိုင်ရှိ Y.G.W ပရဟိတ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာသို့ သိန်း (၂၀) ကျော်ဖိုး အလှူပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကလေးများအတွက် လိုအပ်တဲ့ နို့မှုန့်များ၊ စာရေးကိရိယာ ဗလာစာအုပ်များနှင့် အလှူငွေများကို မနေ့က ဇူလိုင်လ (၅) ရက်နေ့က သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပြီး ကလေးငယ်များကို စိတ်ဓာတ်ခွန်အားများလည်း ပေးခဲ့ကြောင်းကို “YGW ပရဟိတ မိဘမဲ့ ကျောင်း သို့ ကျွန်တော် . Min Z . A4 ကျော်စွာ နှင့် ဦးအောင်ခိုင်တို့ ကိုလူချောအဖွဲ့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ကလေးလေးတွေ နိူ့မုန့်ပျက်နေတယ်ဆိုတဲ့အတွက် Lactogen 1 ရော 2 ရော 120၊ အဟာရ 40၊ 777 မှ စာအုပ် ၅၄ ဒါဇင်၊ လှူဒါန်းငွေမှ စာအုပ်အကောင်း ဒါဇင် ၃၀၀၊ ခဲတံ ဘော်ပင်တို့ လူဒါန်းပြီး ကလေးငယ်များကိုပါ စိတ်ခွန်းအားပေးခဲ့ပါသည်” လို့ လှူဒါန်းခဲ့မှုအကြောင်းကို ရေးသားဖော်ပြထားပါတယ်။

အဆိုတော်ယုန်လေးနဲ့ ဦးအောင်ခိုင်တို့ ကိုလူချောများအဖွဲ့ရဲ့ လှူဒါန်းမှုကုသိုလ်အတွက် သာဓုခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ပါတယ်။

(ပိုပိုလေး)


06 Jul 2020     1,351 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment