BEC-TERO TV

အဝေးသင်တက္ကသိုလ် ကျောင်းအပ်နှံခြင်းကို နည်းလမ်းနှစ်မျိုးဖြင့် အပ်နှံနိုင်ရန်စီစဉ်နေ

07 Jul 2020     1,703 Views


COVID-19 ကြောင့်ရပ်ဆိုင်းထားရသည့် အဝေးသင်တက္ကသိုလ် ကျောင်းအပ်နှံခြင်းကို အွန်လိုင်းနှင့် လူကိုယ်တိုင်လာ ရောက်အပ်နှံသည့်နည်းလမ်းဖြင့် ပြန်စရန်စီစဉ်နေကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။ အဝေးသင် သင်တန်းပထမနှစ် ကျရှုံးကျောင်းသားများ၊ ဒုတိယနှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများသည် နောက်ဆုံး ကျောင်းအပ်နှံရက်မတိုင်မီ COVID-19 ကြောင့် တက္ကသိုလ်အားလုံး ပိတ်လိုက်ရသဖြင့် ကျောင်းအပ်နှံရန် ကျန်ရှိနေပြီး တက္ကသိုလ်အလိုက် ကျောင်းအပ် လက်ခံမည့် အစီအစဉ်များကို အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့ရန် ဇွန်လ ၂၇ ရက်နေ့က ညွှန်ကြားထားကြောင်းသိရပါတယ်။

‘‘ကျောင်းအပ်လက်ခံဖို့ ကျွန်တော်တို့ ကျောင်းတွေကို မေးထားတယ်။ သူတို့ကို ခုံနံပါတ်နဲ့ခြားပြီး တော့ ပဲ Face to Face လူကိုယ်တိုင်လာပြီး လက်ခံတာလုပ်မလား၊ ဒါမှမဟုတ် အွန်လိုင်းနဲ့ လုပ်မလား... တချို့ကျောင်းတွေက အွန်လိုင်းစနစ်ရှိတယ်... ဘယ်လိုနည်းနဲ့ လုပ်မလဲဆိုတာ ကျွန် တော်တို့စာထုတ်မေးထားတာ’’ ဟု ဒေါက်တာသိန်းဝင်းက ပြောသည်။ အွန်လိုင်းစနစ်ရှိသည့် တက္ကသိုလ်များအနေဖြင့် အွန်လိုင်းမှ ကျောင်းအပ်လက်ခံနိုင်ပြီး လူကိုယ်တိုင် ကျောင်းအပ်နှံမည်ဆိုပါက Social Distancing (ခပ်ခွာခွာနေထိုင်ခြင်း)အတွက် ခုံနံပါတ်ခွဲကာ ကျောင်းအပ်လက်ခံခြင်းမျိုး ဆောင်ရွက်မည်ဟုလည်း ၎င်းက ရှင်းပြသည်။

အဝေးသင် သင်တန်းဖွင့်သည့်တက္ကသိုလ်အများစုက ပထမနှစ်သင်တန်းသားများသည် မတ်လကုန်နောက်ဆုံး၊ ဒုတိယနှစ်နှင့် အထက် သင်တန်းသားများသည် မေလကုန်နောက်ဆုံး ကျောင်းအပ်ရန် မူလကသတ် မှတ်ထားသည်။ ပထမနှစ်သင်တန်းများအတွက် ပထမနှစ်ဝက်စာစဉ် နောက်ဆုံးတင်ရမည့်ရက်ကို မေလ ၃၁ ရက်၊ ဒုတိယနှစ်ဝက်စာစဉ် နောက်ဆုံးတင်ရမည့်ရက်ကို ဇူလိုင် ၃၁ ရက်ဟု မူလက သတ်မှတ်ခဲ့သည်။ ဒုတိယနှစ်နှင့်အထက် သင်တန်းများအတွက် ပထမနှစ်ဝက် စာစဉ်များကို ဇွန်လ ၃၀ ရက်၊ ဒုတိယနှစ်ဝက်စာစဉ်များကို သြဂုတ် ၃၁ ရက် နောက်ဆုံးတင်သွင်းရမည်ဟု မူလက ကြေညာခဲ့သည်။

အဝေးသင် သင်တန်းများ ကျောင်းဝင်မှတ်ပုံ တင်ခြင်း၊ စာစဉ်ထုတ်ယူခြင်း၊ စာစဉ်တင်သွင်းခြင်း၊ မေဂျာပြောင်းလျှောက်ထားခြင်း၊ ကျောင်းပြောင်းလျှောက်ထားခြင်း၊ အမှတ်စာရင်းထုတ်ယူခြင်း၊ ဘွဲ့ထောက်ခံစာ (ယာယီ) ထုတ်ယူခြင်းတို့ကို COVID-19 ကြောင့် မတ်လ ၂၄ ရက်နေ့မှ စကာ ယာယီရပ်ဆိုင်းခဲ့သည်။ ဘွဲ့ထောက်ခံစာ (ယာယီ)ထုတ်ယူခြင်းကို အဝေးသင်တက္ကသိုလ်အချို့တွင် မေလ တတိယပါတ်ကစကာ ပြန်လည်ဆောင် ရွက်ပေးနေသည်။ မြန်မာနိုင်ငံတွင် နေ့သင်တန်းတက်ရောက်နေသည့် ကျောင်းသားကျောင်းသူ သုံးသိန်းခွဲကျော်ရှိပြီး အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ခြောက်သိန်းခန့်ရှိသည်။


07 Jul 2020     1,703 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS